သားအမိနှစ်ဦးကို နေအိမ်ပေါ်တက်၍ မီးရှို့လူသတ်မှု ကျူးလွန်တိမ်းရှောင်နေသူကိုဖမ်းမိ

သားအမိနှစ်ဦးကို နေအိမ်ပေါ်တက်၍ မီးရှို့လူသတ်မှု ကျူးလွန်တိမ်းရှောင်နေသူကိုဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သားအမိနှစ်ဦးကို နေအိမ်ပေါ်တက်၍ မီးရှို့လူသတ်မှု ကျူးလွန်တိမ်းရှောင်နေသူကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။

ဇွန် ၁၀ ရက် ညပိုင်းက မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ အောင်ချမ်းသာရပ်ကွက်နေ အသက် ၅၁ နှစ်အရွယ်အမျိုးသမီးနှင့် အသက် ၁၃ နှစ်အရွယ် သားဖြစ်သူတို့ နှစ်ဦးနေအိမ်တွင် တီဗီထိုင်ကြည့်နေစဉ် မျက်နှာ ချင်းဆိုင်နေအိမ်နေ ဖြိုးနိုင်ဝင်း(ခ)သားကြီးဆိုသူက ဓာတ်ဆီလောင်းမီးရှို့ခဲ့ပြီးထွက်ပြေးသွားခဲ့သည်။ အဆိုပါ အမှုကို မြိတ်မြို့မရဲစခန်းက ( ပ )၈၉၈/ ၁၈၊ရာဇသတ်ကြီးပုဒ်မ ၄၅၂/ ၃၂၆/ ၃၀၂  အရ မှုဖွင့်စုံစမ်းခဲ့သည်။

အဆိုပါအမှုတွင် မီးလောင်ဒဏ်ရာရရှိသူ ဒေါ်အေးသိမ် မှာ ဇွန် ၁၁ ရက်တင် သေဆုံးသွားခဲ့ပြီး သားဖြစ်သူမှာလည်း စိုးရိမ်ရသည့် အခြေနေဖြင့် မြိတ်ဆေးရုံတွင် ဆေးကုသခံယူနေရကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။ အမှုဖြင့် တိမ်းရှောင်နေသူ ဖြိုးနိုင်ဝင်း (ခ) သားကြီးကို သက်ဆိုင်ရာက စုံစမ်းဖမ်းဖော်ထုတ်ခဲ့ရာ ဇွန် ၁၅ ရက်တွင် မရင်းကြီးကျေးရွာအနီးရှိ ဥယျာဉ်တစ်ခုအတွင်း လူနေထိုင်ခြင်းမရှိသည့် တဲအတွင်း၌ ဖမ်းဆီးရမိခဲ့ကြောင် မြိတ်မြို့မရဲစခန်းမှသိရသည်။

ဖမ်းဆီးရမိသူဖြိုးနိုင်ဝင်း (ခ) သားကြီးတွင်  မီးလောင်ဒဏ်ရာများ ရရှိထားသဖြင့် မြိတ်မြို့ဆေးရုံတွင်ကုသထားရပြီး အမှုနှင့်ပက်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။