ဂျပန်က လူဝင်မှုကြီးကြပ်ရေးကန့်သတ်ချက်များလျှော့ချ၍ ကျွမ်းကျင်နိုင်ငံခြားလုပ်သားများ ပိုမိုခေါ်ယူမည်

ဂျပန်က လူဝင်မှုကြီးကြပ်ရေးကန့်သတ်ချက်များလျှော့ချ၍ ကျွမ်းကျင်နိုင်ငံခြားလုပ်သားများ ပိုမိုခေါ်ယူမည်

တိုကျို ဇွန် ၁၆
ဂျပန်နိုင်ငံ၌ သက်ကြီးရွယ်အိုဦးရေများပြားနေပြီး အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိသူဦးရေ လျော့ကျလာသည့်အတွက် လုပ်အားအင်အားပြတ်လပ်မှုရှိနေခဲ့ရာ ကျွမ်းကျင်နိုင်ငံခြားလုပ်သားများကို ခေါ်ယူနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကန့်သတ်ချက်များကိုလျှော့ချပေးမည်ဖြစ်ကြောင်း ဂျပန်အစိုးရက ဇွန် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လုပ်သားအင်အားပြတ်လပ်မှု အခြေအနေပိုမိုဆိုးရွားလာသောကြောင့် ကျွမ်းကျင်နိုင်ငံခြားအလုပ်သမားများကို ခေါ်ယူနိုင်ရန် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲရတော့မည်ဖြစ်ကြောင်းဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒဲဆူဂါက သတင်းထောက်များအား ပြောဆိုခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြင်ဆင်ရေးအတွက် အစိုးရသည် ဥပဒေကြမ်းများကို ပြင်ဆင်ရေးဆွဲရန် စီစဉ်နေပြီဖြစ်ကြောင်း ဆူဂါကပြောဆိုခဲ့သည်။
သို့သော် ဂျပန်လူဝင်မှုကြီးကြပ်ရေးမူဝါဒတစ်ခုလုံးကို ပြင်ဆင်မည်မဟုတ်သလို နိုင်ငံခြားသားအလုံးအရင်းလိုက်ဝင်ရောက်ခွင့်လည်းပြုမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏အစိုးရက ပြောဆိုခဲ့သည်။ 
ဂျပန်လူ့အဖွဲ့အစည်းသည် နိုင်ငံခြားသား ရွှေ့ပြောင်းများအပေါ်အလုံးစုံမှီခို နေမည်မဟုတ်ကြောင်း ဝန်ကြီးများရုံးအရာရှိတစ်ဦးကပြောဆိုခဲ့သည်။
စိုက်ပျိုးရေး၊ သူနာပြု၊ ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် သင်္ဘောတည်ဆောက်ရေးတို့အပါအဝင်လုပ်သားအင်အားပြတ်လပ်နေသည့် နယ်ပယ်များအတွက် နိုင်ငံခြားသားလုပ်သားများကိုခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်မီဒီယာများကပြောဆိုခဲ့သည်။
နိုင်ငံခြားသားလုပ်သားများသည် ဂျပန်ဘာသာစကားတတ်မြောက်မှု အတိုင်းအတာတစ်ခုအထိရှိရမည်ဖြစ်သော်လည်း ဘာသာစကားကျွမ်းကျင်မှုသည် ကဏ္ဍအလိုက်ကွာခြားမှုရှိမည်ဖြစ်သည်။ အဆိုပြုချက်သစ်များအရ နိုင်ငံခြားသားလုပ်သားမည်မျှကို ခေါ်ယူမည်ကို အစိုးရက
ထုတ်ပြန်ခြင်းမရှိသေးချေ။ သို့သော် ၂ဝ၂၅ ခုနှစ်ရောက်ရှိသည်အထိ လုပ်သား ၅ဝဝဝဝဝခန့်ကို ခေါ်ယူနိုင်ခြေရှိနေကြောင်း မီဒီယာများက ခန့်မှန်းခဲ့သည်။
လုပ်သားများသည် ဂျပန်၌ငါးနှစ်အထိနေထိုင်ရမည်ဖြစ်ပြီး အင်မတန်ကျွမ်းကျင်သောစွမ်းရည်ပိုင်ဆိုင်သည့် လုပ်သားများသာ မိသားစုဝင်များကို ၄င်းနှင့်အတူ ခေါ်ယူခွင့်ရှိနေသည်။
ဂျပန်နိုင်ငံ၌ ၂ဝ၁၇ ခုနှစ်အထိ နိုင်ငံခြားသားလုပ်သား ၁ ဒသမ ၂၈ သန်းရှိနေကြောင်းအစိုးရကပြောဆိုခဲ့သည်။ သို့သော် ၄င်းတို့အနက် ၄၅ဝဝဝဝ သည် ဂျပန်နိုင်ငံသားများ၏နိုင်ငံခြားသားအိမ်ထောင်ဖက်များဖြစ်ကြပြီး ဂျပန်သို့အလုပ်လုပ်ရန်ရည်ရွယ်ချက်ဖြင့် လာရောက်သူများမဟုတ်ကြချေ။ ၃ဝဝဝဝဝ ခန့်မှာ ကျောင်းသားများဖြစ်ကြပြီး ၄င်းတို့ကို အလုပ်လုပ်ခွင့်
ပေးထားကာ ကျောင်းပြီးပါက မိခင်နိုင်ငံသို့ ပြန်လိမ့်မည်ဟု မျှော်မှန်းထားသည်။