ကရာကက်စ် ဇွန် ၁၇
ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကက်စ်ရှိ နိုက်ကလပ်တစ်ခုအတွင်း ဇွန် ၁၆ ရက်ညက ပညာသင်ကာလတစ်ခု ပြီးဆုံးမှုအထိမ်းအမှတ် လူငယ်ရာချီစုဝေးရာမှ ရန်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး ယင်းနောက် မျက်ရည်ယိုဗုံးပေါက်ကွဲမှုကြောင့် လူအုပ်ပြိုဆင်းထွက်ပြေးရာ ထိခိုက်မှုဖြင့် ၁၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
လော့စ်ကိုတောရော့စ်ဟု လူသိများသည့် အယ်လ်ပါရိုင်ဆိုကလပ်မှ ဖြစ်ရပ်ဆိုးအတွက် မျက်ရည်ယိုဗုံး ဖောက်သည်ဟု ယူဆရသည့် ဆယ်ကျော်သက် နှစ်ဦး အပါအဝင် လူ ၈ ဦးကို ထိန်းသိမ်းထားကြောင်း ပြည်ထဲရေးဝန်ကြီး နက်စ်တာ ရီဗီရိုလ်က ပြောသည်။
ကလပ်ထဲတွင် လူငယ် ၅၀ဝ ကျော် ရောက်ရှိစုဝေးနေစဉ် ရန်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ရပြီး မျက်ရည်ယိုဗုံး ပေါက်ကွဲပြီးနောက် လူငယ်များထွက်ပြေးရန် ကြိုးစားသော်လည်း ကလပ်တံခါးကို ပိတ်ထားခဲ့သည်ဟုဆိုသည်။ မျက်ရည်ယိုဗုံးကို သန့်စင်ခန်းတစ်ခုအတွင်းမှ ပစ်ခတ်ခဲ့ခြင်းဟုလည်း ပြောသည်။
နိုင်ငံလုံခြုံရေးအဖွဲ့အစည်းများသာ အသုံးပြုရသည့် မျက်ရည်ယိုဗုံးအချို့ အရပ်သားများလက်ဝယ် ရောက်ရှိနေခဲ့မှုနှင့် ပတ်သက်၍လည်း ပြည်ထဲရေးဝန်ကြီးဌာနကို မေးခွန်းထုတ်သူများရှိသည်။ ထို့အတူ ကလပ်ဧရိယာမှာ ကျဉ်းမြောင်း၍ လူ ၅၀ဝ ကျော်အထိ ဝင်ခွင့်ပြုခဲ့ခြင်းကိုလည်း စုံစမ်းစစ်ဆေးရန် တောင်းဆိုနေကြသည်။
ယင်းကလပ်သည် အီကွေဒေါမှ ရွှေ့ပြောင်းဝင်ရောက်သူများက ပါတီနှင့် နိ်ုင်ငံရေးအခမ်းအနားများ ကျင်းပလေ့ရှိသည့်နေရာဖြစ်ပြီး ကလပ်တွင်း အကြမ်းဖက်မှုအချို ့ ဖြစ်ပွားခဲ့ဖူးသည်။ ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့သူများတွင် ကလပ်ပိုင်ရှင်လည်းပါဝင်ပြီး လုံလောက်စွာကြီးကြပ်ခဲ့မှုမရှိခြင်းနှင့် လက်နက်တစ်မျိုးမျိုးကိုင်ဆောင်လာမှုကို တားဆီးရန် ပျက်ကွက်မှုဖြင့် စစ်ဆေးခံနေရသည်။
ကရာကက်စ်မြို့တော်သည်လည်း ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုအဖြစ်ပွားဆုံးမြို့တော်တစ်ခုဖြစ်ပြီး နိုင်ငံစီးပွားရေး ကျပ်တည်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုနှင့် အကြမ်းဖက်မှုများကြောင့် ၂၀၁၇ က လူ ၂၆၆၀ဝ သေဆုံးခဲ့သည်။

















