ကိုယ်ဝန်ဖျက်ချခြင်းသည် နာဇီများ၏ လူမျိုးသန့်စင်ရေးအစီအစဉ်များကဲ့သို့ ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးပြောဆို

ကိုယ်ဝန်ဖျက်ချခြင်းသည် နာဇီများ၏ လူမျိုးသန့်စင်ရေးအစီအစဉ်များကဲ့သို့ ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးပြောဆို

ဗာတီကန်စီးတီး ဇွန် ၁၇
ကိုယ်ဝန်ဖျက်ချခြင်းသည် နာဇီခေတ်က လူမျိုးသန့်စင်ရေးအစီအစဉ်များနှင့် အဆင့်တူဖြစ်ပြီး မိဘများအနေဖြင့် ဘုရားသခင်က ပေးအပ်သော သားသမီးများကို လက်ခံသင့်ကြောင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဇွန် ၁၆ ရက်တွင် ပြောဆိုခဲ့သည်။

    ဖရန်စစ်သည် အီတလီမိသားစုအဖွဲ့အစည်းတစ်ခုနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ စုံတွဲတချို့သည် ကလေးမယူရန် ဆုံးဖြတ်ခဲ့ကြပြီး တချို့ကလည်း သန္ဓေသား ခြေလက်အင်္ဂါပြည့်စုံခြင်းရှိမရှိ၊ မျိုးဗီဇပြဿနာရှိမရှိတို့ကို ကြိုတင်စစ်ဆေးလေ့ရှိရာ ယင်းအပြုအမူများအတွက် စိတ်မကောင်းကြောင်း ဖရန်စစ်က ပြောဆိုခဲ့သည်။
    ကလေးငယ်များကို သတ်ဖြတ်ခြင်းသည် အေးဆေးသက်သာသောဘဝကိုလိုချင်သောကြောင့် အပြစ်မဲ့သူကို ဖယ်ရှားခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ဖရန်စစ်က ၎င်းကျောင်းနေအရွယ်တွင် ခြေလက်အင်္ဂါပြည့်စုံခြင်းမရှိသော ကလေးများ၊ ခန္ဓာကိုယ်ပုံမှန်မဟုတ်သော ကလေးများအား တောင်ပေါ်မှပစ်ချသည့် ဇာတ်လမ်းများကို ဆရာတစ်ဦးက ပြောပြစဉ် အံ့သြတုန်လှုပ်ခဲ့ရကြောင်း ဖွင့်ဟခဲ့သည်။
    လွန်ခဲ့သောရာစုနှစ်တွင် နာဇီများသည် လူမျိုးသန့်စင်ရန်သတ်ဖြတ်မှုများပြုလုပ်ခဲ့ပြီး ယနေ့ခေတ်တွင်မူ ခွဲစိတ်ခန်းသုံးလက်အိတ်များဖြင့် အလားတူပြုလုပ်နေကြောင်း ဖရန်စစ်ကပြောဆိုခဲ့သည်။ ဖရန်စစ်သည် ၎င်း၏ရှေ့က ပုပ်ရဟန်းမင်းကြီးများ၏ ကိုယ်ဝန်ဖျက်ချမှုဆန့်ကျင်ရေးရပ်တည်ချက်ကိုသာ ဆက်လက်ကိုင်စွဲနေဆဲဖြစ်သည်။
    လူ့အဖွဲ့အစည်းသည် စွမ်းဆောင်နိုင်သူများကိုသာ အလေးထားနေသောကြောင့် ဆင်းရဲသားများ၊ နေထိ်ုင်မကောင်းသူများ၊ သက်ကြီးရွယ်အိုများနှင့် မမွေးဖွားသေးသူများအား ကာကွယ်စောင့်ရှောက်ရန်မလိုဟု သတ်မှတ်ထားခြင်းသည် ဝမ်းနည်းစရာကောင်းလှကြောင်း ၎င်းကပြောဆိုခဲ့သည်။ အမျိုးသမီးများသည် စားဝတ်နေရေးအတွက် ပြည့်တန်ဆာများအဖြစ် လုပ်ကိုင်ကာ ကိုယ့်ကိုယ်ကိုယ်စွန့်ပစ်ခံပစ္စည်းတစ်ခုလိုသတ်မှတ်ခဲ့ရကြောင်း ဖရန်စစ်က ပြောဆိုခဲ့သည်။