စပိန်က ပင်လယ်ပြင်မှရွေွှ့ပြောင်း ၆၃၀ ကို လက်ခံသော်လည်း ကျန်ဥရောပနိုင်ငံများက ဆိပ်ကမ်းများပိတ်ထား၍ စိုးရိမ်ဟုဆို

စပိန်က ပင်လယ်ပြင်မှရွေွှ့ပြောင်း ၆၃၀ ကို လက်ခံသော်လည်း ကျန်ဥရောပနိုင်ငံများက ဆိပ်ကမ်းများပိတ်ထား၍ စိုးရိမ်ဟုဆို

ဗလန်စီယာ    ဇွန် ၁၇
    ပင်လယ်မှလာသည့် အကူအညီပေးရေးသင်္ဘောအုပ်စုမှ ရွှေ့ပြောင်းဝင်ရောက်သူ ၆၃၀ ကို စပိန်ကလက်ခံခဲ့၍ ဝမ်းသာသော်လည်း ကျန်ဥရောပနိုင်ငံအများစုက ပင်လယ်ပြင်မှဝင်ရောက်မှုကို လက်မခံဘဲ ဆိပ်ကမ်းများပိတ်ထားသဖြင့် စိုးရိမ်မိကြောင်း စပိန်ရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့ခေါင်းဆောင်က ပြောဆိုခဲ့သည်။

    အကွာရီးယာ့စ်ကယ်ဆယ်ရေးသင်္ဘောမှ ဒုက္ခသည် ၆၃၀ တို့သည် အီတလီသယ်ပို့ရေယာဉ်တစ်စီးအကူအညီဖြင့် စပိန်၊ ဗယ်လင်စီယာဆိပ်ကမ်းသို့ ဇွန် ၁၇ရက် နံနက်၌ ရောက်ရှိခဲ့သည်။ လွန်ခဲ့သည့်အပတ်က အကွာရီးယာ့စ်မှ ဒုက္ခသည်များကို အီတလီနှင့်မော်လ်တာတို့က ပြည်ဝင်ခွင့်ပေးရန် ငြင်းဆန်ခဲ့ပြီးနောက် စပိန်က ဗယ်လင်စီယာသို့ ဆိုက်ကပ်ခွင့်ပေးခြဲ့ခင်းဖြစ်သည်။
    အကွာရီးယာ့စ်သည် နယ်စည်းမခြားဆရာဝန်များနှင့် အက်စ်အိုအက်စ်မြေထဲပင်လယ်အဖွဲ့မှ သက်ဝင်စေသည့် အကူအညီပေးရေးသင်္ဘောဖြစ်သည်။ နောက်ထပ်ရွှေ့ပြောင်းများပါသည့် အီတလီသင်္ဘောတစ်စီးသည်လည်း ဗယ်လင်စီယာသို့ ရောက်ရှိမည်ဖြစ်သည်။
    ၄င်းရွှေ့ပြောင်းများကို စပိန်အာဏာပိုင်များက ကိစ္စတစ်ခုချင်းအလိုက် စိစစ်ပြီး နိုင်ငံ၏ဥပဒေများအတိုင်း အရည်အချင်းပြည့်မီသူများကို ခိုလှုံခွင့်ပေးမည်ဖြစ်သည်။ မြေထဲပင်လယ်အနောက်ပိုင်းကို ဖြတ်သန်းလာသည့် ယင်းရွှေ့ပြောင်းဒုက္ခသည်အုပ်စုတွင် တစ်ကိုယ်တည်းသမား ၁၂၃ ဦး၊ ကလေး ၁၁ ဦးနှင့် ကိုယ်ဝန်ဆောင် ၇ ဦး ပါဝင်သည်။ 
ယင်းတို့အနက် ပြင်သစ်သို့လာရောက်လိုသူများကို လက်ခံမည်ဟု ပြင်သစ်အစိုးရ၏ကမ်းလှမ်းချက်ကို စပိန်က လက်ခံထားသည်။
    အီတလီနှင့် မော်လ်တာတို့၏ ငြင်းဆန်မှုသည် ဥရောပသမဂ္ဂအဖွဲ့ဝင်များအကြား လူဝင်မှုကို မည်သို့ကိုင်တွယ်မည်နည်းဟု အငြင်းပွားမှုတစ်ရပ်ကို ဖန်တီးရာရောက်ခဲ့သည်။ ယခုနှစ်ငါးလအတွင်း ဥရောပကမ်းခြေများသို့ ရွှေ့ပြောင်း ၃၅၄၅၅ ဦး ရောက်ရှိခဲ့သည်။