မော်စကို ဇွန် ၁၇
ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့လယ် ရင်ပြင်နီအနီးတွင် တက္ကစီတစ်စီးက လမ်းသွားလမ်းလာများကို ဝင်ရောက်တိုက်မိရာ မက္ကဆီကန်နှစ်ဦးအပါအဝင် လူ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။
အီလင်ကာလမ်းတွင် ဇွန် ၁၆ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရင်ပြင်နီနှင့် မီတာ ၂၀ဝ ခန့်သာ ကွာဝေးသည့် ဧရိယာတွင် ဖြစ်ပွားခြဲ့ခင်းဖြစ်သည်။
ရဲတပ်ဖွဲ့က တက္ကစီယာဉ်မောင်းကို ထိန်းသိမ်းခဲ့ကြောင်း၊ စက်ချွတ်ယွင်းမှုကြောင့်ဖြစ်ပြီး ကြိုတင်ကြံရွယ်မှု မဟုတ်ကြောင်း ယာဉ်မောင်းကဖြေရှင်းခဲ့သည် ဆိုသည်။
တက္ကစီသည် ရပ်မျဉ်းသို့ ချဉ်းကပ်လာပုံ၊ ယင်းနောက် ရုတ်တရက်ချော်ထွက်ပြီး လမ်းသွားလမ်းလာများကို ဝင်တိုက်မိပုံ ဗွီဒီယိုမှတ်တမ်းသည် လူမှုကွန်ရက်နှင့် ဝက်ဘ်ဆိုက်အချို့တွင် ပြန့်နှံ့ခဲ့သည်။ ကားသည် လမ်းအမှတ်အသားတစ်ခုကို တိုက်မိရပ်တန့်သွားပြီးနောက် လူအချို့က တက္ကစီယာဉ်မောင်းကို ဖမ်းဆီးရန်ကြိုးပမ်းသော်လည်း လွတ်မြောက်သွားပုံကိုလည်း မြင်ကြရသည်။ ၄င်းကို ရဲတပ်ဖွဲ့က မည်သို့မည်ပုံ ဖမ်းမိသွားသည်မှာလည်း မရှင်းလင်းသေးပေ။
ရုရှားသည် ကမ္ဘာ့ဖလားဘောလုံးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေချိန်ဖြစ်၍ မော်စကိုလမ်းများသည် နိုင်ငံခြား ခရီးသွားများဖြင့် ပြည့်နှက်နေချိန်ဖြစ်သည်။ ဒဏ်ရာရသူ ၈ ဦးအနက် ၇ ဦးသည် အခြေအနေကောင်းမွန်ကြောင်း၊ ၁ ဦးမှာမူ ဒဏ်ရာပြင်းထန်ကြောင်း မော်စကိုကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။
ယာဉ်မောင်းသည် ဆိုဗီယက်ယူနီယံအဖွဲ့ဝင်ဟောင်း ကာဂျစ်စတန်မှ နိ်ုင်ငံသားတစ်ဦးဖြစ်ကြောင်း မော်စကိုယာဉ်အန္တရာယ်လုံခြုံရေးအဖွဲ့ကပြောသည်။ မော်စကိုရှိ မက္ကဆီကိုသံရုံးကလည်း မက္ကဆီနိုင်ငံသားနှစ်ဦး ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ခဲ့သည်။

















