ကဘူးလ် ဇွန် ၁၇
အာဖဂန်နစ္စတန်နိုင်ငံတွင် အိဒ်ကာလအတွင်း အပစ်အခတ်ရပ်စဲရေးကို အစိုးရဘက်က တစ်ဖက်သတ် ကြေညာကျင့်သုံးခဲ့ပြီးနောက် တာလီဘန်များကလည်း ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း တွေ့ရသဖြင့် အပစ်အခတ် ရပ်စဲရေး ရက်ကို အစိုးရဘက်က တိုးမြှင့်လိုက်ကြောင်း သိရသည်။
တာလီဘန်များအနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖြစ်သည်အထိ ကြိုးပမ်းကြစေလိုကြောင်းလည်း သမ္မတ အာဆက် ဂါနီက တိုက်တွန်းပြောကြားသည်။ အချို့သော လက်နက်ကိုင်များနှင့် လုံခြုံရေးတပ်ဖွဲ့များ ပွေ့ဖက်နှုတ်ဆက် ဆယ်လ်ဖီ အတူရိုက်ကြသည့် ပုံများကိုပါ ဆိုရှယ်မီဒီယာပေါ်တွင် တွေ့ရသည်။ သို့သော် နန်ဂါဟာတွင် ထိုသို့ နှစ်ဖက်တွေ့ဆုံပွဲ ပြုလုပ်စဉ် အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် ၂၅ ဦး သေဆုံးခဲ့ရသည်။
သေဆုံးသူများထဲတွင် တာလီဘန်အဖွဲ့ဝင်များ ပါဝင်သလို၊ အရပ်သားများလည်း ပါဝင်ပြီး ဒဏ်ရာရသူ ၅၄ ဦး ရှိကြောင်းလည်း သိရသည်။ အိုင်အက်စ် အကြမ်းဖက်အဖွဲ့က အသေခံဗုံးခွဲတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ သမ္မတ ဂါနီကလည်း နိုင်ငံသို့ ရုပ်သံမှ မိန့်ခွန်းပြောကြားရာတွင် တာလီဘန်များနှင့် စေ့စပ်ဆွေးနွေးရန် အသင့်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ တာလီဘန်များဘက်က တောင်းဆိုချက်များကိုလည်း လက်ခံစဉ်းစားပေးသွားရန် ပြင်ဆင်ထားကြောင်း သမ္မတ ဂါနီက ပြောသည်။
အပစ်အခတ်ရပ်စဲထားစဉ်အတွင်း တာလီဘန်များအနေဖြင့် ဆေးဝါးနှင့် လူသားချင်းစာနာမှု အကူအညီများ ရရှိမည်ဖြစ်သလို၊ တာလီဘန် အကျဉ်းသားများအနေဖြင့် မိသားစုများနှင့် တွေ့ခွင့်ရမည်ဖြစ်ကြောင်းလည်း သမ္မတ ဂါနီက ပြောသည်။ အစိုးရဘက်က ငြိမ်းချမ်းရေး လိုလားကြောင်း ပြသသည့်အနေဖြင့် တာလီဘန် အကျဉ်းသားအချို့ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။

















