အာဘီးလ် ဇွန် ၁၇
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ၏အထူးကိုယ်စားလှယ် အင်န်ဂျလီနာဂျိုလီသည် အီရတ်နိုင်ငံမြောက်ပိုင်းရှိ မိုဆူလ်မြို့သို့ ဇွန် ၁၆ ရက်တွင် သွားရောက်ခဲ့ပြီး စစ်ဒဏ်ခံခဲ့ရသည့် မြို့ကို ပြန်လည်တည်ထောင်နေသည့် မြို့နေများကို လျစ်လျူရှုမထားရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းပြောဆိုခဲ့သည်။
မိုဆူလ်မြို့အား သုံးနှစ်ကြာ သိမ်းပိုက်ထားသည့် အိုင်အက်စ်စစ်သွေးကြွများလက်မှ ၂၀၁၇ ခုနှစ် ဇူလိုင်တွင် မြို့အား အီရတ်စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့သည်။ အိုင်အက်စ်သည် မြို့အား သိမ်းပိုက်ပြီး အစွန်းရောက်ဝါဒထွန်းကားရာမြို့တစ်မြို့အဖြစ် အသွင်ပြောင်းခဲ့သည်။ အီရတ်တပ်များနှင့် အိုင်အက်စ်တို့ကြား တိုက်ပွဲကြောင့် မြို့နေ ၉၀ဝ၀ဝ၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
ဟောလီးဝုဒ်သရုပ်ဆောင်ဂျိုလီသည် မိုဆူလ်အနောက်ပိုင်းရှိ မိသားစုဝင်တချို့နှင့် တွေ့ဆုံခဲ့ပြီးနောက် ဗုံးဒဏ်ခံခဲ့ရသည့် လမ်းများတစ်လျှောက်တွင် လမ်းလျှောက်ခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာကော်မရှင်နာရုံး( ယူအင်န်အိပ်ချ်စီအာရ်) ကပြောဆိုခဲ့သည်။ စစ်ဘေးရှောင်ခဲ့သည့် မြို့နေများသည် ခိုလှုံရေးစခန်းများမှ နေအိမ်သို့ပြန်သွားကြပြီဖြစ်သောကြောင့် မြို့အစိတ်အပိုင်းတချို့တွင် ပုံမှန်ပြန်ဖြစ်နေပြီဖြစ်သည်။
အီရတ်အစိုးရတပ်ဖွဲ့ဝင်များ၊ ကာ့ဒ်တိုက်ခိုက်ရေးသမားများနှင့် ရှီယိုက်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့၏ လေကြောင်းပစ်ကူဖြင့် မြို့ပြန်သိမ်းစဉ်အတွင်း အနောက်မိုဆူလ်ရှိ မြို့ဟောင်းထိခိုက်ပျက်စီးခဲ့သည်။
ယူအင်န်အိပ်ချ်စီအာရ်တွင် လုပ်ကိုင်ခဲ့သည့် နှစ်များအတွင်းအဆိုးရွားဆုံးထိခိုက်ပျက်စီးသည်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်ကြောင်း ဂျိုလီက ထုတ်ပြန်ပြောဆိုခဲ့သည်။ မြို့နေများသည် အရာရာကို ဆုံးရှုံးခဲ့ပြီး ကလေးများတွက် ဆေး၊သောက်သုံးရေနှင့် အခြေခံလိုအပ်ချက်များကိုရရှိခြင်းမရှိကြောင်း၊ ယင်းကြောင့် မိုဆူလ်ကို မမေ့ပစ်ထားရန် နိုင်ငံတကာအား တိုက်တွန်းလိုကြောင်း ၎င်းကပြောဆိုခဲ့သည်။
ဂျိုလီသည် ယူအင်န်အိပ်ချ်စီအာရ်အတွက် ၂၀ဝ၁ ခုနှစ်ကတည်းက အလုပ်လုပ်ခဲ့ခြင်းဖြစ်ပြီး အီရတ်မှ ကမ္ဘောဒီးယားနှင့် ကင်ညာတို့အထိ နေရပ်စွန့်ခွာအရပ်သားများနှင့်သွားရောက်တွေ့ဆုံခဲ့သည်။ ယခုခရီးစဉ်သည် အီရတ်သို့ ပဉ္စမမြောက်ခရီးစဉ်ဖြစ်ကြောင်း ယူအင်န်အိပ်ချ်စီအာရ်ကပြောဆိုခဲ့သည်။

















