မနာဂွာ ဇွန် ၁၇
နီကာရာဂွာနိုင်ငံ မြို့တော် မနာဂွာတွင် လမ်းတစ်လမ်း၌ လက်နက်ကိုင်ထားသူအချို့ကအိမ်တစ်လုံးကိုမီးရှို့ခဲ့သလို၊ လုံခြုံရေးတပ်ဖွဲ့များနှင့်လည်းအပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် ရှစ်ဦးထက်မနည်းသေဆုံးခဲ့ရကြောင်းသိရသည်။
ဆန္ဒပြသူများကိုကိုယ်စားပြုသည့် အရပ်ဘက် အဖွဲ့အစည်းများနှင့် သမ္မတဒယ်နီရယ် အော်တေဂါတို့ ဒုတိယအကြိမ်မြောက် တွေ့ဆုံကာ နှစ်လကျော် ကြာမြင့်လာပြီဖြစ်သောအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအဆုံးသတ်နိုင်ရန် ဆွေးနွေးနေသော်လည်းအောင်မြင်ခြင်းမရှိသေးပေ။ ဇွန် ၁၆ ရက်က ဖြစ်ပွားခဲ့သောအပြန်အလှန် ပစ်ခတ်မှုများနှင့် သေဆုံးမှုများအတွက် အစိုးရဘက်က ဆန္ဒပြအကြမ်းဖက်သမားများလက်ချက်ဟုစွပ်စွဲခဲ့ပြီး ဆန္ဒပြသူများဘက်ကမူရဲများနှင့် အစိုးရဩဇာခံသူများအင်အားအလွန်အကျွံသုံးမှုကြောင့်ဖြစ်သည်ဟုတုံ့ပြန်ပြစ်တင်ထားသည်။
ဇွန် ၁၈ ရက်တွင် အရပ်ဘက်နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့ ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူထားကြသည်။ လုံခြုံရေးကိစ္စ၊ ရွေးကောက်ပွဲနှင့် ဗဟိုတရားရုံးချုပ် ပြုပြင်ပြောင်းလဲရေးကိစ္စများကိုအဓိကထားဆွေးနွေးကြရန်ရှိကြောင်းသိရသည်။
ဆန္ဒပြသူများ၏ ကိုယ်စားလှယ်အဖွဲ့ကတင်ပြထားသည့် တောင်းဆိုချက်များထဲတွင် သမ္မတရွေးကောက်ပွဲကိုရှေ့သို့ နှစ်နှစ်တိုးကာ ၂၀၁၉ တွင် ကျင်းပရန်လည်းပါဝင်သလို၊ ပြန်လည်ရွေးကောက်ခံခွင့် အကြိမ်ရေကိုကန့်သတ်ရန်လည်းပါဝင်သည်။ လက်ရှိတွင် နီကာရာဂွာ၌ သမ္မတသက်တမ်းကန့်သတ်ထားခြင်းမရှိ။ အစိုးရအတိုက်အခံများက နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များဖိတ်ခေါ်ကာ နိုင်ငံအတွင်းအကြမ်းဖက်မှုများကိုစောင့်ကြည့်သွားရန်လည်းစီစဉ်လျက်ရှိသည်။
ဧပြီလကစတင်ခဲ့သောအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် လက်ရှိအချိန်ထိလူ ၁၆၀ ကျော် သေဆုံးခဲ့ရပြီ ဖြစ်သည်။

















