ဘန်ကောက် ဇွန် ၁၇
ထိုင်းဘုရင် မဟာဝဇီရလောင်ကွန်းသည် ဒေါ်လာ ၃၀ ဘီလျံတန်ဖိုးရှိ နန်းစဉ်ပိုင်ဆိုင်မှုအစုစုတို့ကို ချုပ်ကိုင်ခွင့်ရရှိခဲ့ပြီဖြစ်သည်။
တော်ဝင်မိသားစုကိုယ်စား ပိုင်ဆိုင်မှုအစုစုကို ထိန်းချုပ်ခဲ့သည့် နန်းစဉ်ပိုင်ဆိုင်မှုပစ္စည်းဗြူရိုက ယမန်နှစ်တွင် ပြုပြင်ပြောင်းလဲခဲ့သည့် ဥပဒေတစ်ခုအရ ပိုင်ဆိုင်မှုအစုစုကို ဘုရင်အား လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ယင်းကြောင့် တော်ဝင်မိသားစုပိုင်ဆိုင်မှုများအား ပထမဆုံးအကြိမ်အဖြစ် အခွန်ကောက်ခံတော့မည်ဖြစ်သည်။
ထိုင်းပြည်သူများ၏ချစ်ကြည်ညိုခြင်းခံရသည့် ဘုရင်ဘူမိဘောဒူလျာဒေဇသည် ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ကံတော်ကုန်ခဲ့ပြီးနောက် အသက် ၆၅ နှစ်အရွယ် မဟာဝဇီရလောင်ကွန်းသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာတွင် ထီးနန်းဆက်ခံခဲ့သည်။ ဘုရင်မင်းမြတ်သည် တော်ဝင်မိသားစုပိုင်ဆိုင်မှုအစုစုကို စိတ်ကြိုက်စီမံခန့်ခွဲနိုင်ရန်အတွက် ပိုင်ဆိုင်မှုများကို ပြန်လည်လွှဲပြောင်းအပ်နှံလိုက်ပြီဖြစ်ကြောင်း ဗြူရိုကပြောဆိုခဲ့သည်။ ပိုင်ဆိ်ုင်မှုများတွင် ကုမ္ပဏီများစွာတို့၌ ဝယ်ယူထားသည့် ရှယ်ယာများပါဝင်သည်။
နန်းစဉ်ပိုင်ဆိုင်မှုအစုစုတို့အား စီမံခန့်ခွဲရာတွင် ပွင့်လင်းမြင်သာမှုရှိစေရမည်ဖြစ်ကြောင်း ဗြူရို၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဗြူရိုအား ၁၉၃၈ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးအပါအဝင် တော်ဝင်မိသားစုက ခန့်အပ်သော ဒါရိုက်တာလေးဦးက စီမံခန့်ခွဲခဲ့သည်။
ဗြူရိုက စီမံရသော ပိုင်ဆိုင်မှုပမာဏကိုမသိရှိရသော်လည်း အိမ်ခြံမြေများနှင့် အခြားရင်းနှီးမြှုပ်နှံမှုများ၏တန်ဖိုးအရ ဒေါ်လာ ၃၀ ဘီလျံကျော်ရှိမည်ဖြစ်ကြောင်း ဖော့စ်ဘ်မဂ္ဂဇင်းက ၂၀၁၂ ခုနှစ်တွင် ခန့်မှန်းခဲ့သည်။
ဘုရင်သည် Siam Cement Group Pcl ကုမ္ပဏီ၌ ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ ရှယ်ယာများ၊ ကိုပိုင်ဆိုင်ထားကြောင်း မတ်လက စတော့အိ်ပ်ချိန်းစာရင်းအင်းများအရသိရှိခဲ့ရပြီး Siam Commercial Bank ရှိ ဒေါ်လာ သန်း ၅၀ဝ တန်ဖိုးရှိ ရှယ်ယာများအား ဘုရင်ထံသို့ အောက်တိုဘာတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

















