နေရာနှစ်ခုတွင် တစ်ရက်အတွင်း မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၅ ဦးရှိပြီး ၂ ဦးဒဏ်ရာရ

နေရာနှစ်ခုတွင် တစ်ရက်အတွင်း မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ ၅ ဦးရှိပြီး ၂ ဦးဒဏ်ရာရ

ပခုက္ကူမြို့နှင့် ရှမ်းပြည်နယ်တို့တွင် မြေစာပုံပြိုကျကာ လူ ၅ ဦးသေဆုံးခဲ့မှု ဇွန် ၁၆ ရက်တစ်ရက်တည်း၌ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဇွန် ၁၆ ရက် နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် ပခုက္ကူမြို့၊(၁၅)ရပ်ကွက်ရှိ "ကျော်"ဟိုတယ်မင်္ဂလာခန်းမဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မှော်ဘီမြို့ နယ်နေ အလုပ်သမားဦးဗလ(ခ)အောင်မြတ်(၄၂)နှစ်နှင့် မရမ်းကုန်းမြို့နယ်နေ ကိုမင်းသိန်း(၃၅)နှစ်တို့သည် အကျယ် ၂ ပေ၊ အနက် ၂ ပေခန့်ရှိ အောက်ခံအုတ်မြစ်လိုင်းတူးဖော်စဉ်၎င်းနေရာမှ ၁ ပေခန့်အကွာရှိ အမြင့် ၉ ပေခန့် မြေစာပုံမှ မြေများပြိုကျခဲ့သည်။
ထိုသို့ပြိုကျသဖြင့့် ၎င်းတို့ ၂ ဦး မြေစာပုံပိမိကာ သတိမေ့နေ၍ ပခုက္ကူဆေးရုံသို့ပို့ဆောင်စဉ် ဦးဗလ(ခ)အောင်မြတ်မှာ လမ်း၌သေဆုံးသွားပြီး ကိုမင်းသိန်းမှာ ဆေးကုသမှုခံယူစဉ် မွန်းလွဲ ၁ နာရီ မိနစ်၄၀အချိန်ခန့်တွင် သေဆုံးသွားခဲ့သည်။ 
ပခုက္ကူ မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၁၀/၁၈)ဖြင့် အမှုဖွင့်စစ်ဆေးထားသည်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ်၊တိညုကျေးရွာ "ထိပ်တန်းကျားဖြူ" ဂေါ်ဒန်ကျောက်တူးဖော်ရေးကုမ္ပဏီလုပ်ကွက်တွင်လည်း ဇွန် ၁၆ ရက် နံနက် ၁၁နာရီအချိန်က ကျောက်ထုတ်လုပ်ငန်းခွင်တွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီးတောင်းတွင်းကြီးမြို့နယ်၊ သီရိမင်္ဂလာကျေးရွာနေ ကိုဟန်ရွှေမြင့်(၃၂)နှစ်ပါ ၃ဦးမှာ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး မလှိုင်မြို့၊သက္ကယ်ကျင်း ကျေးရွာနေ ဦးထွန်းသန်း(၇၀)နှစ်ပါ(၂)ဦးတွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။ 
မောက်မယ်မြို့မရဲစခန်းကသေမှုသေခင်းအမှတ်စဉ်(၁/၁၈)ဖြင့်အမှုဖွင့် စစ်ဆေးထားသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး