တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံမှုနှင့်ပတ်သက်၍ မြောက်ပိုင်း ခရိုင် တရားရုံး၏ စွဲချက်အမိန့်ကို မကျေနပ်သဖြင့် နှစ်ဖက်ရှေ့နေများက တိုင်းဒေသကြီးတရားလွှတ် တော် သို့ပြင်ဆင်မှုအယူခံ (၈) မှုတင်သွင်းခဲ့ပြီး ၄င်းပြင်ဆင်မှုများကို ယနေ့ ဇွန် ၁၈ ရက်တွင် အသီး သီး အမိန့်ချခဲ့သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့မှုဖြင့်မြောက်ပိုင်းခရိုင်တရားရုံးက အမှုဖြင့်စစ်ဆေးနေသူ သေနတ်သမား ကြည်လင်း (ခ)ဖိုးထူးကို ရာဇသတ်ကြီးပုဒ်မ ၃ဝ၂(၁)(ခ)/၃၄ နှင့် ပုဒ်မ ၃ဝ၂ (၂)အရ လည်းကောင်း၊ အမှုနှင့် ပါဝင် ပတ်သက်သူ အောင်ဝင်းဇော်နှင့် ဇေယျာ ဖြိုးတို့ကို ရာဇသတ်ကြီးပုဒ်မ ၃ဝ၂(၁)(ခ)/၃၄ အရ လည်း ကောင်း၊ အချုပ် လွတ် အာမခံရရှိထားသူ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ ၂၁၂ အရ လည်းကောင်း၊ ပြီးနောက် ကြည်လင်း(ခ)ဖိုးထူးနှင့် ပါဝင်ပတ်သက်သူ အောင်ဝင်းဇော် တို့ကို လက်နက် များ အက်ဥပဒေပုဒ်မ ၁၉(ဃ)(စ)အရ လည်းကောင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးက စွဲချက် တင်အမိန့်ချမှတ်ခဲ့သည်။
ယနေ့ ရုံးချိန်းတွင် သေဆုံးသူ ဦးကိုနီ၏ ဇနီးဖြစ်သူ ဒေါ်တင်အေးက သေနတ်သမား ကြည်လင်း (ခ) ဖိုးထူး၊ အောင်ဝင်းဇော်နှင့် အောင်ဝင်းထွန်းတို့ အပေါ်မူလမြောက်ပိုင်းခရိုင်တရားရုံး၏ စွဲချက်အမိန့် နှင့် ပတ်သက်၍ ရာဇဝတ်ပြင်ဆင်မှု အမှတ် ၁၄၃(ခ)/၁၈ဖြင့် ပြင်ဆင်လျှောက်ထားမှုကို မူလရုံး၏ အမိန့် အတိုင်းဆောင်ရွက်စေရန် ပြင်ဆင်မှုကို ပလပ်ခဲ့သည်။
ထို့ပြင် ဦးကိုနီ လုပ်ကြံမှုတွင် သေနတ်သမား ကြည်လင်းကို အုတ်ခဲဖြင့် ပစ်ခဲ့သည့် အငှားယာဉ်မောင်း ကိုနေဝင်း ၏ ဇနီးဖြစ်သူက ကြည်လင်း၊ အောင်ဝင်းထွန်း၊ အောင်ဝင်းဇော် တို့၃ ဦး ကို မူလမြောက်ပိုင်းခရိုင်တရားရုံး၏ စွဲချက်အမိန့် နှင့် ပတ်သက်၍ ရာဇဝတ်ပြင်ဆင်မှု အမှတ် ၅၇(ခ)/၁၈ ဖြင့် ပြင်ဆင်လျှောက်ထားမှုကို မူလရုံး၏ အမိန့် အတိုင်းဆောင်ရွက်စေရန် ပြင်ဆင်မှုကို ပလပ်ခဲ့သည်။
သေနတ်သမားကြည်လင်းက ၄င်းကို မြောက်ပိုင်းခရိုင်တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၄/ ၂၁၂ ဖြင့်စွဲဆိုခဲ့ပြီး ၃၀၂ ၁(ခ)/၃၄ ဖြင့် စွဲချက် တင်ခဲ့သည့် အပေါ် မကျေနပ်သဖြင့် ၆၁(ခ) ဖြင့်ပြင်ဆင်မှုလျှောက်ထားခဲ့ရာ မူလတရားရုံးအမိန့်ကို အတည်ပြုခဲ့ပြီး လျှောက်ထားမှုကို ပလပ်ခဲ့ သည်။
အမှုရင်ဆိုင်နေသူ အောင်ဝင်းဇော်ကလည်း ၄င်းကို မြောက်ပိုင်းခရိုင်တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၃၄/ ၂၁၂ ဖြင့်စွဲချက် တင်ခဲ့သည့် အပေါ် မကျေနပ်သဖြင့် ၆၂(ခ) ဖြင့်ပြင်ဆင်မှု လျှောက်ထားခဲ့ရာ မူလတရားရုံးအမိန့်ကို အတည်ပြုခဲ့ပြီး လျှောက်ထားမှုကို ပလပ်ခဲ့ သည်။
မြောက်ပိုင်းခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄/၂၁၂ ဖြင့် တရားစွဲဆိုခံရသည့် ဇေယျာဖြိုးကလည်း ၄င်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄ ဖြင့် စွဲချက်တင်ခဲ့သောကြောင့် ၅၄(ခ) /၁၈ ဖြင့် တိုင်းဒေသကြီးတရားလွှတ်တော်သို့ ရာဇဝတ်ပြင်ဆင်မှုလျှောက်ထားခဲ့ရာ တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၁၀၉ ဖြင့် စွဲချက်တင်ရန် ပြင်ဆင်မိန့်ချမှတ်လိုက်သည်။
" ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄ / ၁၀၉ ရဲ့ အနက်အဓိပ္ပါယ်နဲ့ ပြစ်ဒဏ်က တူညီပါတယ်။ ပုဒ်မ ၃၄ က အမှုကို ကျူးလွန်ဖို့ အစကတည်းက ပူးပေါင်းတိုင်ပင်ခဲ့တာဖြစ်ပြီး ပုဒ်မ ၁၀၉ က အမှုဖြစ်ပွားနေတဲ့ အချိန်မှာ အနားမှာမရှိတာ ( အားပေးကူညီမှု) ကို ဆိုလိုပါတယ်" ဟု တိုင်းဒေသကြီး တရားလွတ် တော်မှ သတင်းပြန်ကြားရေးအရာရှိ ဒေါ်မြသွေးက ပြောသည်။
ထို့ပြင် တရားစွဲဆိုခြင်းခံထားရသည့် အောင်ဝင်းထွန်းကလည်း မြောက်ပိုင်းခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၄/၂၁၂ ဖြင့် တရားစွဲဆိုခဲ့ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်ခဲ့သည်ကို မကျေနပ်သဖြင့် ၆၃(ခ)/၁၈ ဖြင့် ပြင်ဆင်မှုလျှောက်ထားခဲ့ရာ မူလရုံးအမိန့်ကို အတည်ပြုခဲ့ပြီး လျှောက်ထားမှုကို ပလပ်ခဲ့သည်။
သေနတ်သမားကြည်လင်းက ၄င်းကို ၁၉၈၇ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)(စ)တို့ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက စွဲချက်အမိန့်ကို မကျေနပ်သဖြင့် ၆၅(ခ)/၁၈ ဖြင့် ပြင်ဆင်မှုလျှောက်ထား ခဲ့ရာ မူလရုံးအမိန့်ကို အတည်ပြုခဲ့ပြီး လျှောက်ထားမှုကို ပလပ်ခဲ့သည်။
အောင်ဝင်းဇော်ကလည်း ၄င်းကို ၁၉၈၇ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)(စ)တို့ဖြင့် မြောက်ပိုင်း ခရိုင် တရားရုံးက စွဲချက်အမိန့်ကို မကျေနပ်သဖြင့် ၆၄(ခ)/၁၈ ဖြင့် ပြင်ဆင်မှုလျှောက်ထားခဲ့မှုကို အတည်ပြုခဲ့ပြီး ဖြေရှင်းရန် တာဝန်မရှိ ၄င်း အမှုမှ ကင်းလွတ်ခွင့်ပြုခဲ့သည်။
ဦးကိုနီသေဆုံးခဲ့သည့် အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ ၈ဝ ကို မြောက်ပိုင်းခရိုင် အထူး တရားရုံးက စစ်ဆေးပြီးနောက် စွဲချက်အမိန့်ချမှတ်ခဲ့သည်။ အဆိုပါ စွဲချက်အမိန့်နှင့်ပတ်သက်၍ တရားစွဲ ဆိုခံထား ရသူများ၏ တင်ပြချက၊် ပြန်ခေါ်သက် သေများကို စစ်ဆေးနေဆဲ ကာလ၌ပင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့ ရာဇဝတ်ပြင်ဆင်မှု ၈ မှု လျှောက်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါလျှောက်ထားမှုကို တိုင်းဒေသကြီးတရားလွတ်တော်တရားခွင် ၇ တရားသူကြီး ဦးအောင်နိုင်၏ ရုံးတွင် မေ ၂၅ ရက်ရုံးချိန်း၌ နေ့ချင်းပြီး ကြားနာခဲ့ပြီး ယနေ့ ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီ တွင် ရာဇဝတ် ပြင်ဆင်မှုကို အမိန့်ချခဲ့ခြင်းဖြစ်ကာ အမှုနှင့်ပတ်သက်၍ မူလခရိုင်တရားရုံးသို့ ပြင်ဆင်လျှောက်ထားမှုများနှင့်ပတ်သက်၍ ပြန်လည်ပေးပို့ကာ ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။
'' အခု ရာဇဝတ်ပြင်ဆင်လျှောက်ထားမှု ပလပ်ခံရမှုတွေနဲ့ ပတ်သက်ပြီး လျှောက်ထားသူတွေ ကျေနပ်မှု မရှိခဲ့ဘူးဆိုရင် နောက်တစ်ဆင့်ကို ထပ်ပြီး တက်ရောက်နိုင်တယ်" ဟု ပြန်ကြားရေးအရာရှိက ပြောကြားခဲ့သည်။
















