ကန့်ဘလူမြို့နယ်တွင် ယာဉ်တစ်စီးတိမ်းမှောက် ခဲ့ပြီးယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသမီးကြီး တစ်ဦး နေရာတွင်သေဆုံးခဲ့မှုဇွန် ၁၇ ရက်က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၁၀ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချောင်းမကြီးကျေးရွာအနီး ဇီးကုန်း-မလယ်ကားလမ်း မိုင်တိုင်အမှတ်(၁၃/၁၄) ကြား၌ ယာဉ်တစ်စီးတိမ်းမှောက်ကြောင်း သတင်း အရ မလယ်နယ်မြေရဲကင်းစခန်းမှူး ရဲအုပ်ကျော်သန်းဦးဆောင်သောအဖွဲ့က စစ်ဆေး ခဲ့သည်။
အဆိုပါနေရာ၌ NISSAN WINGROAD ခဲရောင်အမျိုးအစားယာဉ် တိမ်းမှောက်နေသည်ကိုတွေ့ရပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသူ ကောလင်း တဲကြီးကုန်းကျေးရွာနေ ဒေါ်တင်ရှိ ၆၇ နှစ်၏ ဦးခေါင်းတွင် ၅ လက်မခန့် ပေါက်ပြဲဒဏ်ရာ ၁ ချက်ရရှိ သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ယာဉ်ကို သေဆုံးသူ၏ သားဖြစ်သူ ယာဉ်မောင်းကိုချမ်းမိုးအောင် ၃၂ နှစ် မှမောင်းနှင်ခဲ့ပြီး သမီးဖြစ်သူ မညိုညိုခိုင်တို့ လိုက်ပါ စီးနင်းစဉ် အဆိုပါနေရာ အရောက် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ဒေါ်ညိုညိုခိုင် တွင် မည်သည့်ဒဏ်ရာမှ မရရှိဘဲ၊ ယာဉ်မောင်း ချမ်းမိုး အောင်တွင် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာ ၁ ချက် ရရှိထားသဖြင့် ရွှေဘိုပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ မလယ်နယ်မြေရဲကင်းစခန်းမှ ယာဉ်(ပ)၂/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၃၈/၃၀၄-က အရ အမှုဖွင့် အရေးယူထားသည်။
















