ခွဲခွာခံရသည့် ရွှေ့ပြောင်းမိသားစုများကို သမ္မတထရမ့်ကတော် မမြင်တွေ့လို၊ဥပဒေလိုက်နာသလိုနှလုံးသားဖြင့်လည်းအုပ်ချုပ်ရန် လိုကြောင်း ပြောဆို

ခွဲခွာခံရသည့် ရွှေ့ပြောင်းမိသားစုများကို သမ္မတထရမ့်ကတော် မမြင်တွေ့လို၊ဥပဒေလိုက်နာသလိုနှလုံးသားဖြင့်လည်းအုပ်ချုပ်ရန် လိုကြောင်း ပြောဆို

ဝါရှင်တန်    ဇွန် ၁၈
    နယ်စပ်မှဖြတ်ကျော်ဝင်ရောက်ပြီး ထိန်းသိမ်းခံခဲ့ရရာတွင် ခွဲခွာခံထားရသည့် ရွှေ့ပြောင်းမိသားစုများကို မမြင်တွေ့လိုကြောင်း၊ နိုင်ငံအနေဖြင့် ဥပဒေများလိုက်နာရန် လိုအပ်သကဲ့သို့ နှလုံးသားဖြင့်အုပ်ချုပ်ရန်လည်း လိုအပ်ကြောင်း သမ္မတထရမ့်ကတော် မယ်လင်နီယာထရမ့်က ပြောဆိုခဲ့သည်။

ရွှေ့ပြောင်းများကို ထိန်းသိမ်းရာတွင် တစ်လခွဲအတွင်း မိသားစုနှင့်ခွဲခွာခံရသည့်ကလေး ၂၀ဝ၀ နီးပါးရှိပြီ ဟူသည့်သတင်းကြောင့် အငြင်းပွားမှုများ ထွက်ပေါ်လာချိန်တွင် မယ်လင်နီယာ၏ပြောဆိုချက်ကို ၄င်း၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးပြုပြင်ပြောင်းလဲမှုအတွက် နှစ်ဘက်စလုံးမှ မျှော်လင့်ချက်များ ပေါင်းဆုံအောင်မြင်ရန် မျှော်လင့်ကြောင်းလည်း မယ်လင်နီယာက ထုတ်ပြန်ခဲ့သည်။
    ကွန်ဂရက်လွှတ်တော်တွင်လည်း ဒီမိုကရက်အမတ်များက နယ်စပ်တွင် မိဘများနှင့်ကလေးများကို ခွဲခြားခွင့်ပြုသည့် ဥပဒေမရှိကြောင်း ထောက်ပြခဲ့ကြသည်။ မေလတွင် စတင်သက်ရောက်ခဲ့သည့် ထရမ့်အစိုးရ၏မူဝါဒသစ်အရ အမေရိကန်ပြည်တွင်း ဝင်ရောက်ရန်ကြိုးပမ်းသူများသည် ရာဇဝတ်ကြောင်းနှင့် စွဲဆိုခံခဲ့ရပြီး လူကြီးများကို ထောင်သွင်းအကျဉ်းချခဲ့သဖြင့် ၄င်းတို့၏ကလေးများနှင့် ကွဲကွာခဲ့သည်။
    ယင်းကြောင့် ဝေဖန်မှုများထွက်ပေါ်ခဲ့ရာ သမ္မတကတော်ဟောင်း လော်ရာဘုရှ်ကလည်း မိသားစုများခွဲခြားရေး မူဝါဒသည် ရက်စက်ယုတ်မာကြောင်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်အမေရိကန်ကပြားကလေးများကို ခွဲခြားထိန်းသိမ်းထားသည်နှင့်တူကြောင်း၊ နယ်နိမိတ်ကာကွယ်ရေးလိုအပ်သော်လည်း လုံးဝသည်းမခံရေးမူဝါဒသည် ရက်စက်လွန်းကြောင်း ပြောဆိုခဲ့သည်။
    သမ္မတထရမ့်ကိုယ်တိုင်လည်း ကလေးများ မိဘများနှင့်ခွဲခွာနေရသည်ကို မမြင်လိုကြောင်း ဇွန် ၁၅ ရက်က ပြောဆိုခဲ့ပြီး ယင်းသည် ဒီမိုကရက်များက ဥပဒေပြုရန်လိုအပ်၍ဖြစ်ကြောင်း မဆီမဆိုင် အပြစ်ဖို့ခဲ့သည်။ အမိမြေလုံခြုံရေး ဝန်ကြီးကလည်း နယ်စပ်မှဝင်သည့်မိသားစုများကို ကာလတစ်ခုခွဲထားသည့်မူဝါဒမျိုး မရှိကြောင်း ခုခံပြောဆိုခဲ့သည်။