ကိုလမ်ဘီယာသမ္မတရွေးကောက်ပွဲတွင် ရှေးရိုးစွဲဝါဒီ အီဗန်ဒု အနိုင်ရ သူပုန်များနှင့်ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးစာချုပ် ပြန်လည်ပြုပြင်မည်

ကိုလမ်ဘီယာသမ္မတရွေးကောက်ပွဲတွင် ရှေးရိုးစွဲဝါဒီ အီဗန်ဒု အနိုင်ရ သူပုန်များနှင့်ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးစာချုပ် ပြန်လည်ပြုပြင်မည်

ဘိုဂိုတာ        ဇွန် ၁၈
    ကိုလမ်ဘီယာသမ္မတရွေးကောက်ပွဲ၊ ဒုတိယအကျော့တွင် သဘောထားကွဲပြားစေသည့် မဲဆွယ်စည်းရုံးမှုများ ပြုခဲ့သည့် ရှေးရိုးစွဲဝါဒီ အီဗန်ဒု အနိုင်ရရှိခဲ့ပြီးနောက် ၄င်းက နိုင်ငံကို စည်းလုုံးညီညွတ်စေမည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။ 

အီဗန်ဒုသည် ယခင် အစိုးရဟောင်းက ဖာ့သူပုန်များနှင့် ၂၀၁၆ ခုနှစ်က သဘောတူညီခဲ့သည့် သမိုင်းဝင် ငြိမ်းချမ်းရေးစာချုပ်ကို ပြုပြင်ပြောင်းလဲလိုကြောင်း ပြောဆိုခဲ့သူဖြစ်သည်။ 
    သမ္မတရွေးကောက်ပွဲတွင် အီဗန်ဒုသည် မဲ ၅၄ ရာခိုင်နှုန်း ရရှိခဲ့သည်။ ပါလီမန်တွင် သူပုန်ဟောင်းများအတွက် အမတ်နေရာများ သတ်မှတ်ပေးရန် ကတိပြုထားခြင်းနှင့် ရွေးကောက်ပွဲများတွင် ပါဝင်ခွင့်ပြုထားခြင်းတို့ ပါဝင်သည့် သဘောတူညီချက်ကို အလုံးစုံစစ်ဆေးပြုပြင်သွားမည်ဖြစ်ကြောင်း အီဗန်ဒုက ပြောဆိုခဲ့သည်။
    ထို့ပြင် ဆယ်စုနှစ်ငါးခုကြာ ပြည်တွင်းစစ်အတွင်း ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံရပြီး ပြစ်မှုထင်ရှားသည့် သူပုန်ဟောင်းများကို အပြစ်ပေးရလိမ့်မည်ဟူ၍လည်း ၄င်းက ပြောဆိုခဲ့သည်။ ၄င်း၏စွမ်းရည် အားလုံးကို နိုင်ငံညီညွတ်ရေးအတွက် ပေးဆပ်မည်ဖြစ်ကြောင်း၊ နောက်ထပ်ကွဲပြားမှုမရှိစေလိုကြောင်းလည်း ၄င်းအား ထောက်ခံသူများကို အီဗန်ဒုကပြောဆိုခဲ့သည်။
    အီဗန်ဒုသည် အခွန်များကိုလျှော့ချကာ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်လိုခြင်းကြောင့် မဲအများဆုံးရရှိခဲ့ကြောင်း သုံးသပ်ကြသည်။ ၄င်း၏မဟာမိတ် မာတာလူစီယာ ရာမီရက်ဇ်သည်လည်း ကိုလံဘီယာ၏ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတ ဖြစ်လာတော့မည်ဖြစ်သည်။
    မဲဆန္ဒရှင်များသည် လက်ဝဲဝါဒီ ပြောက်ကျားခေါင်းဆောင်ဟောင်း ဂတ်စ်တာဗို ပီထရိုအစား လက်ယာဝါဒီ ရှေးရိုးစွဲ အီဗန်ဒုကိုသာ မဲအသာပေး ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။