ယာဉ်တိုက်မှုကြောင့် ကမ္ဘောဒီးယားမင်းသား ရာနာရီဒက်ဟ် ဒဏ်ရာပြင်းထန်စွာရပြီး ဇနီး သေဆုံး

ယာဉ်တိုက်မှုကြောင့် ကမ္ဘောဒီးယားမင်းသား ရာနာရီဒက်ဟ် ဒဏ်ရာပြင်းထန်စွာရပြီး ဇနီး သေဆုံး

ဖနွမ်းပင်     ဇွန် ၁၈
    ကမ္ဘောဒီးယား မင်းသားလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သူသည် နိုင်ငံအနောက်မြောက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး ဇနီးဖြစ်သူမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

အသက် ၇၄ နှစ်အရွယ် မင်းသား နိုရိုဒမ် ရာနာရီဒက်ဟ်နှင့် အသက် ၃၉ နှစ်အရွယ် ဇနီး အို ဖာလာတို့ စီးနင်းလာသည့် ယာဉ်ကို တက္ကစီတစ်စီးက ခေါင်းချင်းဆိုင် အရှိန်ပြင်းစွာ ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်ပွားသည့် ပရာ ဆီဟာနော့ခ်ပြည်နယ် ဆေးရုံသို့ အမြန်ဆုံး တင်ပို့ကုသခဲ့သော်လည်း မစ္စ ဖာလာ၏ အသက်ကို မကယ်ဆယ်နိုင်ခဲ့။ မဲဆွယ်စည်းရုံးရေးအတွက် နိုင်ငံရေး ထောက်ခံသူများနှင့် တွေ့ဆုံရန် သွားရောက်စဉ် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 
    မင်းသား ရာနာရီဒက်ဟ်ကို ဇွန် ၁၈ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ညံ့ဖျင်းသဖြင့် ဝန်ကြီးချုပ် ဟွန်ဆန်အပါအဝင် ငွေကြေးတတ်နိုင်သူများသည် ထိုင်းနှင့် အခြားသော အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ကာ ဆေးကုသမှု၊ ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူလျက်ရှိသည်။ 
    မင်းသား ရာနာရီဒက်ဟ်သည် ဘုရင် နိုရိုဒမ် ဆီဟာမိုနီ၏ ဝမ်းကွဲညီအစ်ကိုတော်စပ်သူလည်း ဖြစ်ပြီး လာမည့်လ အထွေထွေရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် နိုင်ငံရေးပါတီတစ်ခုကို ဦးဆောင်နေသူလည်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကမ္ဘောဒီးယား ကယ်ဆယ်ရေး ပါတီ (စီအင်န်အာပီ) ဖျက်သိမ်းခံခဲ့ရပြီး ပါတီခေါင်းဆောင်ကိုလည်း နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွပ်စွဲပြစ်တင်ခဲ့သည်။ ဝန်ကြီးချုပ် ဟွန်ဆန်သည် နိုင်ငံကို ၃၃ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး တရားရေးစနစ်နှင့် လုံခြုံရေးတပ်ဖွဲ့များကို အသုံးချကာ အတိုက်အခံများ၊ ပြိုင်ဘက်များကို နှိပ်ကွပ်လျက်ရှိသည်ဟု စွပ်စွဲခံထားရသည်။ 
    ၁၉၉၃ မှ ၁၉၉၇ ကာလအတွင်း မင်းသား ရာနာရီဒက်ဟ်သည် မစ္စတာ ဟွန်ဆန်နှင့် တွဲဖက်ကာ ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့ဖူးပြီး မစ္စတာ ဟွန်ဆန် ဦးဆောင်သော အာဏာသိမ်းမှုကြောင့် နိုင်ငံရေး အဆုံးသတ်ခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် မစ္စတာ ဟွန်ဆန်နှင့် နားလည်မှု ပြန်လည်ရရှိကာ နိုင်ငံရေးလောကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။