ခွဲခွာခံရသည့် ရွှေ့ပြောင်းမိသားစုများ မယ်လင်နီယာထရမ့် မမြင်တွေ့လို ဥပဒေများလိုက်နာသလို နှလုံးသားဖြင့်စီမံရန်လည်းလိုအပ်ကြောင်း ပြောဆို

ခွဲခွာခံရသည့် ရွှေ့ပြောင်းမိသားစုများ မယ်လင်နီယာထရမ့် မမြင်တွေ့လို ဥပဒေများလိုက်နာသလို နှလုံးသားဖြင့်စီမံရန်လည်းလိုအပ်ကြောင်း ပြောဆို

သမ္မတထရမ့်ကတော် မယ်လင်နီယာထရမ့်က နယ်စပ်မှဖြတ်ကျော်ဝင်ရောက်ပြီး ထိန်းသိမ်းခံခဲ့ရာတွင် ခွဲခွာခံထားရသည့် ရွှေ့ပြောင်းမိသားစုများကို မမြင်တွေ့လိုကြောင်း၊ နိုင်ငံအနေဖြင့် ဥပဒေများလိုက်နာရန်လိုအပ်သကဲ့သို့ နှလုံးသားဖြင့်စီမံရန်လည်း လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

မျှော်လင့်

ရွှေ့ပြောင်းများကို ထိန်းသိမ်းရာတွင် တစ်လခွဲအတွင်း မိသားစုနှင့်ခွဲခွာခံရသည့် ကလေးငယ် ၂၀ဝ၀ နီးပါးရှိပြီဟူသည့်သတင်း ကြောင့် အငြင်းပွားမှုများ ထွက်ပေါ်လာချိန်တွင် မယ်လင်နီယာ၏ပြောဆိုချက်ကို ၎င်း၏ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်း လဲမှု အတွက် နှစ်ဖက်စလုံးမှ မျှော်လင့်ချက်များ ပေါင်းဆုံအောင်မြင်ရန် မျှော်လင့်ကြောင်းလည်း မယ်လင်နီယာက ထုတ်ပြန်ခဲ့သည်။

ထောက်ပြ

ကွန်ဂရက်လွှတ်တော်တွင်လည်း ဒီမိုကရက် အမတ်များက နယ်စပ်တွင် မိဘများနှင့်ကလေး များကို ခွဲခြားခွင့်ပြုသည့် ဥပဒေမရှိကြောင်း ထောက်ပြခဲ့ကြသည်။ မေလတွင် စတင်သက် ရောက်ခဲ့သည့် ထရမ့်အစိုးရ၏မူဝါဒသစ်အရ အမေရိကန်ပြည်တွင်း ဝင်ရောက်ရန်ကြိုးပမ်း သူများသည် ရာဇဝတ်ကြောင်းနှင့် စွဲဆိုခံခဲ့ရပြီး လူကြီးများကို ထောင်သွင်းအကျဉ်းချခဲ့သဖြင့် ၎င်းတို့၏ကလေးများနှင့် ကွဲကွာခဲ့သည်။

ယင်းကြောင့် ဝေဖန်မှုများထွက်ပေါ်ခဲ့ရာ သမ္မတကတော်ဟောင်း လော်ရာဘုရှ်ကလည်း မိသားစုများခွဲခြားရေးမူဝါဒသည် ရက်စက် ယုတ်မာကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်-အမေရိကန် ကပြားကလေးများကို ခွဲခြား ထိန်းသိမ်းထားသည်နှင့်တူကြောင်း၊ နယ်နိမိတ် ကာကွယ်ရေးလိုအပ်ချက်သော်လည်း လုံးဝ သည်းမခံရေးမူဝါဒသည် ရက်စက်လွန်းကြောင်း ပြောဆိုခဲ့သည်။

မမြင်လို

သမ္မတထရမ့်ကိုယ်တိုင်လည်း ကလေးများ မိဘများနှင့်ခွဲခွာနေရသည်ကို မမြင်လိုကြောင်း ဇွန် ၁၅ ရက်က ပြောဆိုခဲ့ပြီး ယင်းသည် ဒီမို ကရက်များက ဥပဒေပြုရန်လိုအပ်၍ဖြစ်ကြောင်း မဆီမဆိုင် အပြစ်ဖို့ခဲ့သည်။ အမိမြေလုံခြုံရေး ဝန်ကြီးကလည်း နယ်စပ်မှဝင်သည့်မိသားစု များကို ကာလတစ်ခုခွဲထားသည့်မူဝါဒမျိုးမရှိ ကြောင်း ခုခံပြောဆိုခဲ့သည်။