ဝန်ကြီးချုပ် မိုဒီ ရွေးကောက်ပွဲကတိ မေ့နေသဖြင့် သတိပေးရန် အိန္ဒိယပြည်သူတစ်ဦး ဒေလီသို့ မိုင် ၈၀ဝ ခရီး လမ်းလျှောက်

ဝန်ကြီးချုပ် မိုဒီ ရွေးကောက်ပွဲကတိ မေ့နေသဖြင့် သတိပေးရန် အိန္ဒိယပြည်သူတစ်ဦး ဒေလီသို့ မိုင် ၈၀ဝ ခရီး လမ်းလျှောက်

ဒေလီ     ဇွန် ၁၈
    အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ရွေးကောက်ပွဲကာလက ပေးခဲ့သောကတိကို မေ့လျော့နေခြင်းကို သတိပေးရန်အတွက် အိန္ဒိယနိုင်ငံသားတစ်ယောက်သည် ဇာတိမြေမှ မြို့တော်ဒေလီအထိ ၁၃၅၀ ကီလိုမီတာ (၈၃၈ မိုင်) ခရီးကို လမ်းလျှောက်ချီတက်လျက်ရှိရာ လာမည့်သီတင်းပတ်ကုန်တွင် ဒေလီသို့ ရောက်ရှိဖွယ်ရှိကြောင်း သိရသည်။ 

မာတီကန် ဘီဝယ်သည် နိုင်ငံအရှေ့ပိုင်း ဩရိသပြည်နယ်မှ မြောက်ပိုင်းရှိ ဒေလီသို့ လမ်းလျှောက်လာခြင်း ဖြစ်သည်။ လမ်းတွင် ကျန်းမာရေး ချို့ယွင်းသဖြင့် ဒေလီနှင့် ၂၁၈ ကီလိုမီတာဝေးသော အဂရာတွင် ဆေးရုံတက်ခဲ့ရသည်။ ဩရိသပြည်နယ်ရှိ ၎င်း၏ဇာတိမြို့ ဆေးရုံကို အဆင့်မြှင့်တင်ပေးမည်ဟု ဝန်ကြီးချုပ် မိုဒီက ရွေးကောက်ပွဲကာလတွင် ကတိပေးခဲ့မှုကို မေ့လျော့နေသဖြင့် သတိပေးရန်အတွက် ယခုလို လမ်းလျှောက်ခြင်းဖြစ်ကြောင်း မာတီကန် ဘီဝယ်က ပြောသည်။ 
၎င်းသည် ဧပြီ ၁၆ ရက်တွင် လမ်းလျှောက်ခရီး စတင်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယအလံကို ထမ်းကာ လမ်းလျှောက်လျက်ရှိသည်။ ၂၀၁၅ ခုနှစ်တွင် မစ္စတာ မိုဒီက ၎င်း၏မြို့မှ ဆေးရုံကို ဒေလီရှိ အိန္ဒိယနိုင်ငံလုံးချီ ဆေးသိပ္ပံကဲ့သို့ဖြစ်အောင် အဆင့်မြှင့်တင်ပေးမည်ဟု ကတိပေးခဲ့ကြောင်းဖြင့် မစ္စတာ ဘီဝယ်က ပြောသည်။ ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ခွင့်ရလိုကြောင်း၊ အီစပါ အထွေထွေရောဂါကုဆေးရုံကို အဆင့်မြှင့်တင်ပေးမည်ဟူသော ကတိကို သတိရအောင် ပြောပြလိုကြောင်းဖြင့် မစ္စတာ ဘီဝယ်က မီဒီယာများသို့ ပြောသည်။ 
    "ဝန်ကြီးချုပ်က ကျွန်တော့်ကို လက်ခံတွေ့ဆုံမယ် မတွေ့ဆုံဘူးဆိုတာ မသိရသေးဘူး။ တကယ်လို့ တွေ့ခွင့်မရရင် အစာငတ်ခံ ဆန္ဒပြသွားမယ်" ဟု မစ္စတာ ဘီဝယ်က ပြောသည်။ 
    မစ္စတာ ဘီဝယ်အကြောင်းကို အဓိက အတိုက်အခံ ကွန်ဂရက်ပါတီ ခေါင်းဆောင်က တွစ်တာတွင် တင်ထားသည့်တိုင် ဝန်ကြီးချုပ် မိုဒီအနေဖြင့် တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမျိုး မရှိသေးကြောင်းလည်း တွေ့ရသည်။ ဝန်ကြီးချုပ် မိုဒီ ကတိတည်စေရန်အတွက် ကွန်ဂရက်ပါတီက မစ္စတာ ဘီဝယ်ကို ဝိုင်းဝန်းကူညီသွားမည်ဖြစ်ကြောင်း ကွန်ဂရက်ပါတီ ခေါင်းဆောင် ရာဟု ဂန္ဓီက တွစ်တာတွင် ရေးသားခဲ့သည်။ မစ္စတာ ဘီဝယ်သည် ယခုသီတင်းပတ်ကုန်တွင် ဒေလီသို့ ရောက်ရှိလာဖွယ်ရှိကြောင်း သိရသည်။