တက္ကဆက်၌ နယ်ခြားစောင့်ရဲလိုက်ဖမ်း၍ ထွက်ပြေးသည့် လူမှောင်ခိုသံသယကားတိမ်းမှောက်ပြီး ၅ ဦးသေဆုံး

တက္ကဆက်၌ နယ်ခြားစောင့်ရဲလိုက်ဖမ်း၍ ထွက်ပြေးသည့် လူမှောင်ခိုသံသယကားတိမ်းမှောက်ပြီး ၅ ဦးသေဆုံး

ဘစ်ဝီးလ်စ်    ဇွန် ၁၈
    အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်တောင်ပိုင်းတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီး၍ မောင်းနှင်ထွက်ပြေးခဲ့သည့် လူမှောင်ခိုများ၏ကားဟု သံသယရှိဖွယ် အက်စ်ယူဗွီကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ၅ ဦး သေဆုံးခဲ့သည်။

ယင်းကားပေါ်တွင် လူ ၁၄ ဦး ပါရှိလာပြီး တစ်နာရီ မိုင် ၁၀ဝ ကျော်နှုန်းဖြင့် ဇွန် ၁၇ ရက်က တက္ကဆက်အဝေးပြေးလမ်း ၈၅ ပေါ်တွင် မောင်းနှင်ထွက်ပြေးရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲများကပြောသည်။ 
ယင်းအက်စ်ယူဗွီကားနှင့်အတူ အခြားကားနှစ်စီးလည်း လိုက်ပါခဲ့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဇွန် ၁၇ ရက်ညက ထုတ်ပြန်ခဲ့သည်။ လူမှောင်ခိ်ုမှုသံသယရှိ ကားသုံးစီးအနက် ယင်းကားနှစ်စီးကိုမူ ရဲများက နှစ်နေရာတွင် အသီးသီးရပ်တန့်နိုင်စေခဲ့ကာ ကားပေါ်ပါသူများကို ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။ 
ယင်းဒေသသည် မက္ကဆီကိုနယ်စပ်အနီးတွင် တည်ရှိသည်။
    အမေရိကန်တွင် ထရမ့်အစိုးရ၏ လူဝင်မှုမူဝါဒသစ်ကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများကို ဖမ်းဆီးခဲ့ပြီး မိဘများနှင့် သားသမီးများ ခွဲခြားထိန်းသိမ်းခဲ့မှုကြောင့် အငြင်းပွားမှုများ မြင့်တက်နေစဉ် ယခုမတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဆေးရုံတင်ထားရသည့် အက်စ်ယူဗွီယာဉ်မောင်းနှင့် ခရီးသည်တစ်ဦးတို့သည် အမေရိကန်နိုင်ငံသားများ ဖြစ်ကြသော်လည်း ကျန်သူများသည် တရားမဝင် ဝင်ရောက်လာသူများဟု ယုံကြည်ရသည်။
    ဒဏ်ရာရရှိသူအချို့ကို အရှေ့မြောက်ဘက် မိုင် ၉၀ အကွာရှိ ဆန်အန်တိုနီယိုသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုတွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများအတွက် အလေးအနက်စာနာမှုကို ဖော်ပြသည့် ထုတ်ပြန်ချက်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။