ဝါရှင်တန် ဇွန် ၁၈
၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလက ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီ ကလင်တန်၏ အပုပ်သတင်းများ ပေးမည်ဟုဆိုကာ ရုရှား ကိုယ်စားလှယ်အချို့က ဒေါ်နယ် ထရမ့်၏ အကြံပေး ရော်ဂျာ စတုန်းကို ချဉ်းကပ်ခဲ့ဖူးကြောင်းဖြင့် ထရမ့် မဲဆွယ်အဖွဲ့နှင့် ရုရှားပတ်သက်မှု စုံစမ်းနေသည့် အက်ဖ်ဘီအိုင် အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာက ထုတ်ပြန်လိုက်သည်။
စတုန်းနှင့် ဟင်နရီ ဂရင်းဘာ့ဂျ် အမည်ရှိသူတို့ တွေ့ဆုံခဲ့ဖူးသည့် သက်သေခံစာများကို မစ္စတာ မူလာက လွှတ်တော် ထောက်လှမ်းရေးကော်မတီသို့ ဇွန် ၁၅ တွင် ပေးပို့ခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြသည်။ ၂၀၁၆ ခုနှစ်က တွေ့ဆုံမှုတွင် စတုန်းအပြင် ထရမ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မိုက်ကယ် ကာပူတိုလည်း ပါဝင်သည်။ စတုန်းနှင့် ကာပူတို၏ ရှေ့နေတို့ ပူးတွဲရေးသားထားသော စာတွင် ၂၀၁၆ မေလက ကာပူတို၏ စီးပွားလုပ်ငန်းဖက်တစ်ဦးက ကာပူတိုထံ ဖုန်းဆက်ကာ ဟီလာရီ ကလင်တန်နှင့် ပတ်သက်သော အပုပ်သတင်းများ ပေးရန်ရှိသူတစ်ယောက်နှင့် ချိတ်ပေးလိုကြောင်း သတင်းပေးလိုသည်ဟု ဆိုခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ သတင်းပေးမည့် ဂရင်းဘာ့ဂျ်နှင့် တွေ့ဆုံရန် ကာပူတိုက စတုန်းကို တစ်ဆင့် ချိတ်ပေးခဲ့ခြင်း ဖြစ်သည်။ စတုန်းသည် ထရမ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှ ၂၀၁၅ ခုနှစ်ကတည်းက ထွက်သွားခဲ့သော်လည်း ထရမ့်အတွက် ပြင်ပကနေ အကြံပေးသူအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
ကာပူတို၏ စီစဉ်ပေးမှုကြောင့် စတုန်းနှင့် ဂရင်းဘာ့ဂျ်တို့သည် ဖလော်ရီဒါရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် တွေ့ဆုံခဲ့ပြီး ဟီလာရီ ကလင်တန် အပုပ်သတင်းအတွက် ဒေါ်လာ နှစ်သန်းပေးရန် ဂရင်းဘာ့ဂျ်က ဈေးကိုင်ခဲ့သဖြင့် နိုင်ငံရေး သတင်းအချက်အလက်များအတွက် ငွေပေးဝယ်ယူရန် အစီအစဉ်မရှိဟု စတုန်းက ငြင်းဆိုခဲ့ကြောင်းဖြင့် သိရသည်။
၂၀၁၆ ရွေးကောက်ပွဲ ကာလအတွင်း ထရမ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့နှင့် ရုရှား ပတ်သက်မှုကို အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးဟောင်း ရောဘတ် မူလာ ဦးဆောင်စုံစမ်းနေမှုအတွင်း ကွင်းဆက်များအဖြစ် ယခုလို စတုန်းနှင့် ဂရင်းဘာ့ဂျ် တွေ့ဆုံမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သမ္မတ ထရမ့်ကမူ ရွေးကောက်ပွဲကာလ ရုရှားနှင့် ပတ်သက်မှုကို ငြင်းဆိုထားပြီး အတိုက်အခံများက နိုင်ငံရေးအရ လုပ်ကြံခြင်းသာ ဖြစ်သည်ဟု တုံ့ပြန်စွပ်စွဲထားသည်။

















