ရွှေပြည်သာမြို့နယ်တွင် ချေးယူထားသည့် ငွေပြန်လည်တောင်းယူစဉ် စကားများရန်ဖြစ်သဖြင့် ဓါးဖြင့်ထိုးသတ်ခဲ့သူ ရဲဘက်ပြေးကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇွန် ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲအချိန် အင်းစိန်ဆေးရုံကြီး၌ အမျိုးသားတစ်ဦး ဒဏ်ရာ များဖြင့် ရောက်ရှိလာပြီးဆေးကုသမှုခံယူစဉ်သေဆုံးသွားကြောင်း သတင်းအရလှော်ကားနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ မှော်ဘီမြို့နယ်နေ လင်းလင်းစိုး(ခ)အညာသား၊ (၃၅)နှစ် ဖြစ်ပြီး ၎င်းတွင် ယာရင် အုံထိုးသွင်းဒဏ်ရာ၊ ယာဒူးပြတ်ရှဒဏ်ရာ၊ ဝဲလက်ကောက်ပြတ်ရှဒဏ်ရာတို့ရရှိကာသေဆုံးနေ သည်ကို တွေ့ရှိရသဖြင့် လှော်ကားနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၀၂အရ အမှုဖွင့် စုံစမ်းခဲ့သည်။ အသတ်ခံရမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းစုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သူရမျိုး(ခ)ဖြိုးကို(ခ) ဖြိုးလေးဖြစ်ကြောင်း သိရှိရသဖြင့် ဇွန် ၁၈ ရက် ည ၇ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် လှည်းကူး-ပဲခူးကား လမ်းမဘေးရှိ လက်ဘက် ရည်ဆိုင် ရှေ့ မှ ဖမ်းဆီးရမိခဲ့သည်။
၄င်းကို အမှုနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ သေဆုံးသူ လင်းလင်းစိုး(ခ)အညာ သားထံမှ ချေးငှားထားသည့်ငွေကိုပြန်လည်တောင်းယူစဉ် စကားများရန်ဖြစ်ခဲ့ပြီး ဓားဖြင့်ထိုး၍ထွက်ပြေးခဲ့ ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဓားကို ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ရပ်ကွက်၊ မဟာဗန္ဓု လလမ်းဘေးရှိ ရေမြောင်းအတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
သက်ဆိုင်ရာက အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် ဓါးကို သိမ်းဆည်းရမိခဲ့ပြီး ဥပဒေနှင့်အညီဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ပြစ်မှုကျူးလွန်သူ မှာ ၂၀၁၄ ခုနှစ်က လှည်းကူးမြို့နယ်ရှိ ဖုန်းဆိုင်တစ်ဆိုင်အား ဖောက်ထွင်းခိုးယူမှုဖြင့်ထောင်ဒဏ် (၇)နှစ်ကျခံနေရစဉ် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလအတွင်း လှေလှော်အင်း ရဲဘက်စခန်းမှထွက်ပြေးလာခဲ့သူ ရဲဘက်ပြေးတစ်ဦး ဖြစ်ကြောင်း ထပ်မံပေါ်ပေါက်သဖြင့် အမှုဖွင့် အရေးယူထားသည်။

















