မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ပြန်လည်ဝင်ရောက်လာသူ အမျိုးသားကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဇွန် ၁၈ ရက်က အမှုဖွင့် အရေးယူထားကြောင်း တာမွေမြို့မ ရဲစခန်းမှ သိရသည်။
ဇွန် ၁၇ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်က တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဘုန်းကျော် ဦးစီးအဖွဲ့သည် နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် တာမွေမြို့နယ်၊ တာမွေကြီး (ခ)ရပ်ကွက်၊ တောင်မြင်းပြိုင်ကွင်းလမ်းနှင့် (၁၆၇)လမ်း လမ်းတိုထိပ်တွင် မောင်တောမြို့နယ်၊ ဖားဝပ်ချောင်း ကျေးရွာနေ အဒူရှူးကူး(၃၃)နှစ်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဦးစီးဌာနမှ ဒုဦးစီးမှူးနှင့် အတူ တာမွေမြို့မရဲစခန်းတွင် စစ်ဆေးခဲ့သည်။
၄င်းကို စုံစမ်းချက်အရ ၂၀၁၄ ခုနှစ်တွင် ငါးဖမ်းစက်လှေဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာခဲ့ပြီး ကွာလာလမ်ပူမြို့၌ ပန်းရံလုပ်ငန်း လုပ်ကိုင်ခဲ့ကြောင်း၊ ဇွန် ၁၃ ရက်တွင် မလေးရှားနိုင်ငံမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ၎င်းမှချင်းမိုင်မြို့သို့ ဘတ်စ်ကားဖြင့် သွားရောက်ခဲ့ကြောင်း၊ ဇွန် ၁၆ ရက်တွင် ချင်းမိုင်မြို့မှ မြန်မာနိုင်ငံ မြဝတီမြို့သို့ ဘတ်စ်ကားဖြင့် တရားမဝင်ဝင်ရောက်လာခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ တာမွေမြို့မရဲစခန်းက(ပ)၆၀၈/၁၈၊ လဝကအက် ဥပဒေပုဒ်မ ၁၃(၁) အရ အမှုဖွင့် အရေးယူထားသည်။

















