ဧရာဝတီတိုင်းဒေသကြီးတွင် မိုးကြိုးပစ်ခံရပြီး ၂ ရက်အတွင်း လူ ၃ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇွန် ၁၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က ပုသိမ်မြို့နယ်၊ ကုလားမကုန်းကျေးရွာအနီးရှိ လယ်ကွင်း၌ လယ်ထွန်နေသော အဆိုပါကျေးရွာနေ စောထူးကလယ် (၅၀)နှစ် အား မိုးကြိုးပစ်ခံရ၍ ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။
အလားတူ အဆိုပါနေ့ ညနေ ၅ နာရီခွဲချိန်က လပွတ္တာမြို့နယ်၊ လေးဆိပ်ကျေးရွာနေ ခိုင်ထူး(၄၄) နှစ်သည် နှာခေါင်းပေါက်ချောင်းအတွင်း ကျားပိုက်ထောင်သည့် လှေပေါ်၌ မိုးကြိုးပစ်ခံရသဖြင့် ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သည်။
အလားတူ ဇွန် ၁၆ ရက် နံနက် ၁၀ နာရီခွဲအချိန်က ပုသိမ်မြို့၊ ငွေဆောင်မြို့နယ်၊ ပုသိမ်-ငွေဆောင်ကားလမ်းဘေးရှိ "ယုဇန" ပုဇွန်မွေးမြူရေးကန်၌ မျိုးဝင်းထွန်း(၂၄)နှစ်ပါကျား(၂) ဦးသည် အလုပ်လုပ်ကိုင်နေစဉ် မိုးကြိုးပစ်မှုကြောင့် မိုးကြိုးစက်ကွင်းထိမှန်ကာ ၎င်းတို့ ၂ ဦးတွင် ခြေထောက်ထုံကျင် ဒဏ်ရာများရရှိခဲ့ပြီး ငွေဆောင်ဆေးရုံသို့တင်ပို့ကုသခဲ့ရသည်။
ထို့ပြင် ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်က ပေါက်တောမြို့နယ်၊ ကျောက်တောင် ကျေးရွာနေ အောင်လှထွန်း(၅၁)နှစ်သည် စက်နှိုးကျေးရွာအနီးရှိ လယ်ကွက်အတွင်း လယ်ကန်သင်း ဖို့နေစဉ် မိုးကြိုးပစ်ခံရ၍ ဒဏ်ရာများရရှိသေဆုံးခဲ့သည်။
မိုးကြိုးပစ်ခံရပြီး သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရဲစခန်းများက သေမှုသေခင်းအမှတ်စဉ်များ ဖွင့်လှစ်အရေးယူခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက မိုးကြိုးပစ်သေဆုံးခဲ့မှု ၅ မှုရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
















