စဥ့်ကူးမြို့နယ်ရှိရွှေသတ္ထုတူးဖော်ရေးကုမ္ပဏီလုပ်ကွက်တွင် လူတစ်ဦး အင်းအတွင်းသို့ ပြုတ်ကျ သေဆုံးခဲ့သည်ကို လက်ပန်လှနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက်ရှိ ကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိ ရွှေသတ္ထုတူး ဖော်ရေးကုမ္ပဏီ လုပ်ကွက်တစ်ခုတွင် ဇွန် ၁၇ ရက် ညနေ ၆ နာရီ မိနစ် ၅၀ အချိန်က လူတစ်ဦးသေဆုံးသွား ကြောင်း သတင်းအရသက်ဆိုင်ရာကသွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မင်းလယ်ရွာနေ ရဲထက်အောင်(၂၃)နှစ်ဖြစ်ပြီး ဦးခေါင်းနောက်စေ့ ပေါက်ပြဲသွေးထွက်ဒဏ်ရာရရှိ သေဆုံးနေသည်ကို သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့သည်။
အကျယ် ၄ ပေ၊ အနက်ပေ ၆၀ခန့်ရှိ အင်းအတွင်းသို့ ရဲထက်အောင်နှင့်အတူ ဆန်းဦး(၂၃)နှစ်၊ အောင်ခိုင်(၂၀)နှစ်တို့သည် အင်း အတွင်းသို့ဆင်းစဉ် ရဲထက်အောင်မှာ ဝင့်ကြိုးကိုင် ထားသော လက်မှာချော်၍ အောက်သို့ပြုတ်ကျ သေဆုံးသွားခြင်းဖြစ်ကြောင်း ကုမ္ပဏီမန်နေဂျာ ဦးကိုလေး၏ ပြောပြချက်အရ သိရသည်။ သေဆုံးမှုနှင့်ပတ်သက်၍ လက်ပန်လှရဲကင်းစခန်း က သေမှုသေခင်းအမှတ်စဉ် (၁၉/ ၁၈) အရ အမှုဖွင့် အရေးယူထားသည်။
















