ရွေးကောက်ပွဲကာလ၌ ရုရှားနှင့် ထရမ့်အကြံပေးရော်ဂျာစတုန်း တွေ့ဆုံခဲ့ဖူးကြောင်း အထူးစုံစမ်းရေးမှူးမူလာ ပြောဆို

ရွေးကောက်ပွဲကာလ၌ ရုရှားနှင့် ထရမ့်အကြံပေးရော်ဂျာစတုန်း တွေ့ဆုံခဲ့ဖူးကြောင်း အထူးစုံစမ်းရေးမှူးမူလာ ပြောဆို

၂၀၁၆  ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကာလက ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်၏အပုပ်သတင်းများပေးမည်ဟုဆိုကာ ရုရှားကိုယ်စားလှယ်အချို့က ဒေါ်နယ်ထရမ့်၏အကြံပေး ရော်ဂျာစတုန်းကို ချဉ်းကပ်ခဲ့ဖူးကြောင်းဖြင့် ထရမ့်မဲဆွယ်အဖွဲ့နှင့် ရုရှားပတ်သက်မှုကိုစုံစမ်းနေသည့် အက်ဖ်ဘီအိုင်အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာကထုတ်ပြန်လိုက်သည်။

စတုန်းနှင့် ဟင်နရီဂရင်းဘာ့ဂျ် အမည်ရှိသူတို့ တွေ့ဆုံခဲ့ဖူးသည့် သက်သေခံစာများကို မစ္စတာ မူလာက လွှတ်တော် ထောက်လှမ်းရေးကော်မတီသို့ ဇွန် ၁၅ ရက် တွင် ပေးပို့ခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြ သည်။ ၂၀၁၆ ခုနှစ်က တွေ့ဆုံမှုတွင် စတုန်းအပြင် ထရမ့်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မိုက်ကယ်ကာပူတိုလည်း ပါဝင်သည်။

စတုန်းနှင့် ကာပူတို၏ ရှေ့နေတို့ ပူးတွဲရေးသားထား သော စာတွင် ၂၀၁၆ ခုနှစ် မေလက ကာပူတို၏ စီးပွား လုပ်ငန်းဖက်တစ်ဦးက ကာပူတိုထံ ဖုန်းဆက်ကာ ဟီလာရီ ကလင်တန်နှင့်ပတ်သက်သော အပုပ်သတင်းများပေးရန်ရှိ သူတစ်ယောက်နှင့် ချိတ်ပေးလိုကြောင်း သတင်းပေးလို သည်ဟု ဆိုခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ သတင်းပေး မည့် ဂရင်းဘာ့ဂျ်နှင့်တွေ့ဆုံရန် ကာပူတိုက စတုန်းကို တစ်ဆင့် ချိတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဆောင်ရွက်

စတုန်းသည် ထရမ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှ ၂၀၁၅ ခုနှစ်ကတည်းက ထွက်သွားခဲ့သော်လည်း ထရမ့် အတွက် ပြင်ပကနေ အကြံပေးသူအဖြစ် ဆက်လက် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ကာပူတို၏ စီစဉ်ပေးမှုကြောင့် စတုန်းနှင့်ဂရင်းဘာ့ဂျ် တို့သည် ဖလော်ရီဒါရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် တွေ့ဆုံ ခဲ့ပြီး ဟီလာရီကလင်တန် အပုပ်သတင်းအတွက် ဒေါ်လာ နှစ်သန်းပေးရန် ဂရင်းဘာ့ဂျ်က ဈေးကိုင်ခဲ့သဖြင့် နိုင်ငံရေး သတင်းအချက်အလက်များအတွက် ငွေပေးဝယ်ယူရန် အစီအစဉ်မရှိဟု စတုန်းက ငြင်းဆိုခဲ့ကြောင်းဖြင့် သိရ သည်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲကာလအတွင်း ထရမ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့နှင့် ရုရှားပတ်သက်မှုကို အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူးဟောင်း ရောဘတ်မူလာ ဦးဆောင်စုံစမ်းနေမှုအတွင်း ကွင်းဆက်များအဖြစ် ယခုလို စတုန်းနှင့် ဂရင်းဘာ့ဂျ်တွေ့ဆုံမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သမ္မတထရမ့်ကမူ ရွေးကောက်ပွဲကာလ ရုရှား နှင့်ပတ်သက်မှုကို ငြင်းဆိုထားပြီး အတိုက်အခံများက နိုင်ငံရေးအရ လုပ်ကြံခြင်းသာ ဖြစ်သည်ဟု တုံ့ပြန်စွပ်စွဲ ထားသည်။