လူမှုရေးဖောက်ပြန်ခဲ့သည်ဆိုကာ ဇနီးကို ခင်ပွန်းက ရဲဒင်းဖြင့်ခုတ်သတ်ခဲ့မှု ဒေါပုံမြို့နယ်တွင် ဇွန် ၁၈ ရက်က ဖြစ်ပွားခဲ့ကြောင်း ဒေါပုံမြို့မရဲစခန်းမှ သိရသည်။
အဆိုပါနေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်ခန့်တွင် ဒေါပုံမြို့နယ် နေ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် (၄၇) နှစ်အရွယ် ဖခင် ၊ (၄၆) နှစ်အရွယ် မိခင် တို့နှင့်အတူ ရှိနေခဲ့သည်။
မိခင်ဖြစ်သူမှာ နေအိမ်ရှေ့ခန်းတွင် အိပ်နေပြီး သမီးဖြစ်သူက အိမ်သာသို့ ဝင်နေခဲ့ကြောင်း ဖခင် ဖြစ်သူက အိမ်သာတံခါးခေါက်ပြီး မိခင်ဖြစ်သူကလူမှုရေးဖောက်ပြန်သဖြင့် ရဲဒင်းဖြင့် ခုတ်သတ်ခဲ့ကြောင်း ပြောပြသဖြင့် အိမ်သာမှထွက်ကြည့်စဉ် ဒဏ်ရာများဖြင့်သေဆုံးနေ သည် ကို တွေ့ရသည်ဟုဆိုသည်။
'' မိန်းမကို လူမှုရေးဖောက်ပြန်တယ်ဆိုပြီး ယောကျာ်းက ရဲဒင်းနဲ့ ခုတ်သတ်ခဲ့တာပါ။ အမှုက စစ် နေတုန်းပါ" ဟု ဒေါပုံမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။ ဒေါပုံမြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းနိုင်၏ အခင်းဖြစ် စစ်ဆေးချက်များအရ သေဆုံးသူ အမျိုးသမီးတွင် မျက်နှာပြတ်ရှ၊ဝဲနားထင်ပြတ်ရှ၊ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ခဲ့ကြောင်း သိရသည်။ မိခင်ဖြစ်သူကို ရဲဒင်းဖြင့်ခုတ်သတ်ခဲ့သည့် ဖခင်ကို အရေးယူပေးရန်သမီးဖြစ်သူက တိုင်ကြားခဲ့သည်။
ဒေါပုံမြို့မရဲစခန်းက(ပ)၃၀၄/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။
'' လူမှုရေးဖောက်ပြန်တယ်လို့ တော့ ကျွန်တော်တို့ မကြားမိဘူး။ ဒီလိုပဲ လျှောက်ပြောနေတယ်လို့ ထင်ပါတယ်။ အခင်းဖြစ်ရပ်ကိုတော့ ကျွန်တော်တို့ ဝင်မကြည့်ခဲ့ဘူး။ အလောင်းတင်ပို့တာတော့ ကူညီပေးခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သေချာမသိဘူး" ဟု နွယ်အေးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းစိုးက ပြောသည်။
















