ကမ္ဘာတစ်ဝန်း လက်နက်ငယ် တစ်ဘီလီယံကျော်ရှိနေဟုဆို

ကမ္ဘာတစ်ဝန်း လက်နက်ငယ် တစ်ဘီလီယံကျော်ရှိနေဟုဆို

ကမ္ဘာတစ်ဝန်း၌ လက်နက်ငယ် တစ်ဘီလီယံ ကျော်ရှိနေပြီး ၎င်းတို့အနက် ၈၅၇ သန်းသည် အရပ်သားများလက်ထဲတွင် ရှိနေကာ အမေရိ ကန်နိုင်ငံသားများသည် လက်နက်အများဆုံး ပိုင်ဆိုင်သူများဖြစ်ကြောင်း လက်နက်ငယ်စစ် တမ်းအင်စတီကျုက ဇွန် ၁၈ ရက်တွင် ထုတ် ပြန်ခဲ့သည့် လေ့လာမှု၌ ဖော်ပြထားသည်။

အရပ်သားများပိုင်ဆိုင်သော လက်နက် ၃၉၃ သန်းသို့မဟုတ် ၄၆ ရာခိုင်နှုန်းသည် အမေရိကန်ပြည်ထောင်စု၌ရှိပြီး ယင်းပမာဏ သည် ထိပ်တန်းနိုင်ငံ ၂၅ နိုင်ငံစုစုပေါင်းထက်ပင် ပိုမိုများပြားနေသည်။ အမေရိကန်နိုင်ငံသား များသည် နှစ်တိုင်း လက်နက်ငယ် ၁၄ သန်းကို ဝယ်ယူနေကြောင်း လေ့လာမှုကိုရေးသားခဲ့သည့် အာရွန်ကာ့ပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

၂၀၁၇ ခုနှစ် အကုန်ပိုင်းတွင် ကမ္ဘာတစ်ဝန်း လက်နက်ငယ် တစ်ဘီလီယံရှိနေရာ ၎င်းတို့အနက် ၁၃၃ သန်းသည် အစိုးရစစ်တပ်များလက်ထဲ တွင်ရှိကာ ၂၂ ဒသမ ၇ သန်းသည် တရားဥပဒေ စိုးမိုးရေးအဖွဲ့များလက်ထဲတွင်ရှိနေကြောင်း လေ့လာမှု၌ ဖော်ပြထားသည်။ အမေရိကန်ပြည် ထောင်စုသည် ၂၀ဝ၇ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် အကုန်ပိုင်းအထိ အရပ်သားပိုင်ဆိုင်သည့် လက်နက်ငယ်ပမာဏတွင် အများဆုံးရှိခဲ့သော် လည်း ယခုအချိန်တွင်မူ စစ်ဘက်လက်နက်ပိုင် ဆိုင်မှုနှင့်ပတ်သက်လျှင် ရုရှား၊ တရုတ်၊ မြောက် ကိုရီးယားနှင့် ယူကရိန်းတို့နောက်တွင် ရပ်တည် နေသည်။

ဂျနီဗာအခြေစိုက် လက်နက်ငယ်စစ်တမ်း အင်စတီကျုက လေ့လာမှုကိုထုတ်ပြန်ချိန်သည် ကုလသမဂ္ဂက ၂၀ဝ၁ ခုနှစ်တွင် စတင်အကောင် အထည်ဖော်ခဲ့သည့် လက်နက်ငယ်တရားမဝင် ကုန်သွယ်မှုတားဆီး၊ တိုက်ဖျက်နှင့် ဖျက်သိမ်းရေး အစီအစဉ်တိုးတက်မှုကို သုံးသပ်သည့် ညီလာခံ နှင့် တိုက်ဆိုင်နေသည်။ ညီလာခံသည် ဇွန် ၁၈ မှ ဇွန် ၂၉ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။

အရပ်သားပိုင်ဆိုင်သော လက်နက်ပမဏ နှင့်ပတ်သက်လျှင် အမေရိကန်ပြည်ထောင်စု၌ ၃၉၃ ဒသမ ၃ သန်း၊ အိန္ဒိယ၌ ၇၁ ဒသမ ၁ သန်း၊ တရုတ်၌ ၄၉ ဒသမ ၇ သန်း၊ ပါကစ္စတန်၌ ၄၃ ဒသမ ၉ သန်းနှင့် ရုရှား၌ ၁၇ ဒသမ ၆ သန်းရှိနေကြောင်း လေ့လာမှုတွင် ဖော်ပြထား သည်။