ဆိုးလ် ဇွန် ၁၉
မြောက်ကိုရီးယားနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးကြရာတွင် အထောက်အကူပြုရန် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ဆိုင်းငံ့လိုက်သည်ဟု တောင်ကိုရီးယားက ပြောဆိုခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန်နှစ်နိုင်ငံစလုံးနှင့် မြောက်ကိုရီးယားတို့ ဆက်လက်ဆွေးနွေးမှုများကို အထောက်အကူရရန် ယင်းသို့ဆုံးဖြတ်ခဲ့သည်ဟု ယုံကြည်ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ချိုအီဟွန်ဆိုးက ပြောဆိုခဲ့သည်။
အမေရိကန်နှင့်တောင်ကိုရီးယားတို့က သြဂုတ်၌ကျင်းပရန်ရှိသည့် အူလ်ချီလွတ်မြောက်ရေးစောင့်ရှောက်မှု စစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့အပြီး တောင်ကိုရီးယားကာကွယ်ရေးဌာနက ယင်းကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။
ထို့ထက်ဦးစွာ သမ္မတထရမ့်က ဇွန် ၁၂ ရက် စင်ကာပူထိပ်သီးတွေ့ဆုံပွဲတွင် ကင်ဂျုံအွန်နှင့် တွေ့ဆုံအပြီး၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုရပ်ဆိုင်းမည်ဟု ကတိပေးခဲ့သည်။
ထရမ့်၏ကြေညာချက်ကြောင့် ပင်တဂွန်စစ်ဌာနချုပ်နှင့် တောင်ကိုရီးယားပါ အံ့အားသင့်ခဲ့ရပြီး ဝေဖန်မှုအချို့ ထွက်ပေါ်ခဲ့သည့်နောက် ယခုအခါ စစ်ရေးလေ့ကျင့်မှု ရပ်ဆိုင်းမည့်ကိစ္စတွင် ညီညွတ်မှုရှိကြောင်း ပြသခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကာကွယ်ရေးဌာနပြောခွင့်ရပုဂ္ဂိုလ် ဒါနာဝှိုက်ကမူ နွေရာသီစစ်ရေးလေ့ကျင့်မှုကို ရပ်တန့်ကြောင်း ပြောဆိုခဲ့သော်လည်း တောင်ကိုရီးယားနှင့် အခြားစစ်ရေးလေ့ကျင့်မှုများအတွက် မည်သည့်ဆုံးဖြတ်ချက်မျှမရှိသေးကြောင်း ပြောဆိုခဲ့သည်။ ဂျပန်နှင့် အခြားပစိဖိတ်နိုင်ငံများနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
ဝါရှင်တန်နှင့်ဆိုးလ်၏ ဆုံးဖြတ်ချက်ကို ဂျပန်ကာကွယ်ရေးဝန်ကြီး အီဆူနိုရီ အိုနိုဒဲရာက နားလည်ကြောင်း၊ သို့သော် ဂျပန်အမေရိကန်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆက်လုပ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















