ဝါရှင်တန် ဇွန် ၁၉
လူဝင်မှုကြီးကြပ်ရေးကို တင်းကျပ်စွာကိုင်တွယ်နေမှုများနှင့် ပတ်သက်ပြီးဝေဖန်သံများ ထွက်နေခြင်းကို တုံ့ပြန်သောအားဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်သည် ခိုလှုံသူများစခန်းဖွင့်ရာ နိုင်ငံမဟုတ်ဟု ခပ်ပြတ်ပြတ် ပြောဆိုလိုက်ကြောင်း သိရသည်။
“အမေရိကန်ဟာ ခိုလှုံရေးစခန်းနိုင်ငံ မဟုတ်သလို၊ ခိုလှုံသူထိန်းသိမ်းရေးစခန်းတွေဖွင့်ပြီး ဝန်ထုပ်ထမ်းနေမယ့် နိုင်ငံလည်းမဟုတ်ဘူး”ဟု သမ္မတထရမ့်က ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း တက္ကဆက်ပြည်နယ်ရှိ ခိုလှုံသူထိန်းသိမ်းရေးစခန်းများတွင် တရားမဝင် ခိုလှုံသူမိဘများ အဖမ်းခံရမှုကြောင့် ကျန်ရစ်သည့် ကလေးများကို ထိန်းသိမ်းရေးစခန်းများတွင် ခြံခတ်ကာ လှောင်ထားသည့် ဓာတ်ပုံများတက်လာမှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ဝေဖန်သံများ ဆူညံခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့အကြီးအကဲကလည်း အမေရိကန်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒသည် လက်သင့်ခံနိုင်ဖွယ်မရှိဟု ဝေဖန်ခဲ့သည်။ ဧပြီလလယ်ပိုင်းမှ မေလကုန်အထိ ကလေး ၂၀ဝ၀ နီးပါး မိဘများနှင့်ခွဲကာ ခိုလှုံရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည်။ လူဝင်မှုကြီးကြပ်ရေး“သည်းခံမှုသုည”မူဝါဒကြောင့် တရားမဝင် ခိုလှုံလာသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာတွင် ကလေးများကိုကား အရေးယူရန် မဖြစ်နိုင်သဖြင့် ကလေးများကို ထိန်းသိမ်းရေးစင်တာများသို့ပို့ကာ စောင့်ရှောက်ထားရသည်။
ကလေးများကိုစောင့်ရှောက်ရန် နေရာမလုံလောက်သဖြင့် ကုန်လှောင်ရုံများ၊ စူပါမားကတ်အဟောင်းများကိုပင် အသုံးပြုနေရသလို၊ အပူချိန် ၄၀ စင်တီဂရိတ်ရှိသည့် တက္ကဆက် သဲကန္တာရအတွင်း တဲများထိုးကာ စောင့်ရှောက်ရေးစခန်းများ ဖွင့်လှစ်ရန်ထိပါ စီစဉ်လျက်ရှိကြောင်း သိရသည်။
“ဥရောပကို ကြည့်၊ တခြားဒေသတွေကိုလည်း ကြည့်၊ ခိုလှုံသူတွေ လှိမ့်ဝင်နေတာ တွေ့တယ်မှတ်လား။ အမေရိကန်မှာ အဲ့ဒါမျိုးခွင့်မပြုနိုင်ဘူး။ အနည်းဆုံးတော့ ကျုပ်လက်ထက်မှာ ခွင့်မပြုနိုင်ဘူး” ဟု သမ္မတထရမ့်က ဆိုသည်။
ခိုလှုံသူ သန်းချီပြီး ဝင်ခွင့်ပေးခဲ့သည့် ဥရောပနိုင်ငံများသည်လည်း အမှားကြီး ကျူးလွန်ခြင်းဖြစ်သည်ဟု သမ္မတထရမ့်က ပြစ်တင်လိုက်သည်။ အထူးသဖြင့် ဂျာမနီထဲသို့ သန်းချီသောခိုလှုံသူများ ဝင်ခွင့်ပေးခဲ့သည့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်ကို သမ္မတထရမ့်က ပြစ်တင်လိုက်ပြီး၊ ထိုအကျိုးဆက်ကြောင့်ပင် ဂျာမနီ ပြည်သူများသည် မစ္စ မာကယ်ကို ဆန့်ကျင်နေကြပြီဟုလည်း သမ္မတထရမ့်က ပြောသည်။

















