ဝါရှင်တန် ဇွန် ၁၉
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် နောက်ထပ် တရုတ်သွင်းကုန် ဒေါ်လာဘီလျံ ၂၀ဝ ဖိုးအပေါ် အခွန်တိုးကောက်ရန် စီစဉ်လျက်ရှိသည်ဟု ပြောဆိုခြင်းဖြင့် ကုန်သွယ်ရေးအငြင်းပွားမှုတွင် တရုတ်ကို ထပ်မံခြိမ်းခြောက်ခဲ့သည်။
တရုတ်အနေဖြင့် လက်ရှိကုန်သွယ်လုပ်ငန်းကျင့်ထုံးများကို ပြုပြင်ခြင်းမရှိပါက ကုန်စည် ဒေါ်လာဘီလျံ ၂၀ဝ ဖိုးအပေါ် အခွန်တိုးကောက်ရလိမ့်မည်ဖြစ်ကြောင်း သမ္မတထရမ့်က သတိပေးလိုက်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ အခွန်တိုးကောက်ရန် ထပ်မံစီစဉ်မှုကြောင့် အမေရိကန်နှင့် တရုတ်အကြားကုန်သွယ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာရန် ရှိနေသည်။ တရုတ်သည် ပြီးခဲ့သည့် နှစ်ပေါင်းများစွာ တောက်လျှောက် မမျှတသော ကုန်သွယ်ရေးကျင့်ထုံးများဖြင့် အမေရိကန်ကို အသာစီးယူခဲ့ကြောင်း သမ္မတထရမ့်က ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း တရုတ်ကုန်စည် ဒေါ်လာ ၅၀ ဘီလျံဖိုးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မည်ဟု သမ္မတထရမ့်က ကြေညာခဲ့သည်။ တရုတ်ကလည်း တန်ပြန်ကာ ဒေါ်လာ ၅၀ ဘီလျံဖိုး အမေရိကန်ကုန်စည် ၆၅၉ မျိုးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မည်ဟု ကြေညာခဲ့သည်။ ယင်းကုန်စည်များတွင် အမေရိကန် စိုက်ပျိုးထွက်ကုန်၊ မော်တော်ယာဉ်နှင့် ရေကြောင်းဆိုင်ရာပစ္စည်းများ ပါဝင်သည်။ မည်သည့် အမှားအယွင်းကိုမျှ ကျူးလွန်ခြင်းမရှိသော အမေရိကန် ကုမ္ပဏီများ၊ လုပ်သားများ၊ လယ်သမားများကို တရုတ်သည် ခြိမ်းခြောက် အနိုင်ကျင့်ရာရောက်နေသည်ဟုမစ္စတာထရမ့်က ပြစ်တင်ပြောကြားခဲ့သည်။
တရုတ်နှင့် အမေရိကန် အကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားလာတော့မည်ဟူသော စိုးရိမ်မှုများကြောင့် ဇွန် ၁၈ ရက် နိုင်ငံတကာစတော့ဈေးကွက်များလည်း ကျဆင်းခဲ့သည်။ နောက်ထပ် အခွန်တိုးကောက်သင့်သည့် တရုတ်ကုန်စည်များစာရင်း တင်ပြရန်လည်း အကြံပေးများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။
နှစ်စဉ် ကုန်သွယ်ရေး ဒေါ်လာ ၃၄ ဘီလျံဖိုးရှိသော တရုတ်ထုတ်ကုန် ၈၀ဝ ခန့်အပေါ် အမေရိကန်က အခွန်တိုးကောက်မည့် အစီအစဉ်တစ်ရပ်သည် လာမည့် ဇူလိုင် ၆ ရက်တွင် စတင် အသက်ဝင်တော့မည်ဖြစ်သည်။ အခွန်တိုးကောက်ခံရမည့် တရုတ်ကုန်စည်များထဲတွင် လေယာဉ်တာယာမှအစ တာဘိုင်များထိ ပါဝင်သလို၊ ပန်းကန်ဆေးစက် စသည့် အိမ်သုံးပစ္စည်းများလည်း ပါဝင်သည်။

















