နာမည်ကျော် အမေရိကန်လူငယ်ရက်ပ်ပါ XXXTentacion သေနတ်ဖြင့် ပစ်သတ်ခံရ

နာမည်ကျော် အမေရိကန်လူငယ်ရက်ပ်ပါ XXXTentacion သေနတ်ဖြင့် ပစ်သတ်ခံရ

နယူးယောက်    ဇွန် ၁၉
    အမေရိကန်ပြည်ထောင်စုမှ နာမည်ကျော် လူငယ်ရက်ပ်ပါအဆိုတော် XXXTentacion သည် ဖလော်ရီဒါတောင်ပိုင်း၌် ဇွန် ၁၈ ရက်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ပစ်ခတ်သူများမှာ နှစ်ဦးဖြစ်ကာ ရှောင်ပြေးသွားပြီး စုံစမ်းနေဆဲဖြစ်သည်။

အသက် ၂၀ သာရှိသေးပြီး ၄င်းကိုယ်တိုင်လည်း ပြစ်မှုမှတ်တမ်းရှိကာ လျင်မြန်စွာကျော်ကြားလာခဲ့သည့် လူငယ် ရက်ပ်ပါသည် မော်တော်ဆိုင်ကယ်အရောင်းဌာနတစ်ခုမှ ကားဖြင့်ထွက်ခွာလာစဉ် ဓားပြများနှင့်ဆုံတွေ့ခဲ့ဖွယ်ရှိပြီး ဓားပြတစ်ဦးက ပစ်ခတ်ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ရခြင်းဖြစ်သည်။
    အမည်ရင်း ဂျာဆက်အွန်ဖရိုင်ဖြစ်သည့် လူငယ်ရက်ပ်ပါသည် အကြမ်းဖက်မှုစွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရပြီး ရက်ပ်ဂီတလောက၏ အငြင်းပွားဖွယ်အကောင်းဆုံး ဂီတသမားတစ်ဦးဖြစ်သည်။
    မိုင်ယာမီမြောက်ပိုင်းမှ ၄၃ မိုင်အကွာရှိ ဒီးယားဖီလ်းကမ်းခြေတွင် ဖြစ်ပွားခဲ့သည့် ယင်းမှုခင်းမှ သံသယရှိသူနှစ်ဦးတို့သည် ကားတစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်။ ဗွီဒီယိုမှတ်တမ်းတွင် အွန်ဖရိုင်သည် ၄င်း၏ ဘီအမ်ဒဗလျူကားပေါ်တွင် ပုံလျက်သားလဲကျနေသည်ကို တွေ့ရသည်။
    အွန်ဖရိုင်သည် ဖလော်ရီဒါတွင်မွေးဖွားခဲ့ပြီး ဆယ်ကျော်သက်အရွယ် လူငယ်ပြုပြင်ရေးစခန်းရောက်ရှိခဲ့စဉ်မှာပင် သီချင်းများ စတင်ရေးသားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ၄င်း၏ ပထမဆုံးသီချင်းကို အွန်လိုင်းပေါ်တွင် စတင်ဖြန့်ချိခဲ့သည်။ ယင်းနောက် လျင်မြန်စွာကျော်ကြားလာခဲ့ပြီး ဗွေဆော်ဦး သီချင်းအယ်လ်ဘမ်ကို ၂၀၁၇ ခုနှစ် သြဂုတ်တွင် ထုတ်လုပ်ဖြန့်ချိခဲ့သည်။ ဒုတိယအယ်လ်ဘမ်ကိုလည်း ၂၀၁၈ မတ်တွင် ဖြန့်ချိခဲ့ပြီး ၄င်းသည် ဘီလ်ဘုတ် ၂၀ဝ စာရင်းတွင် ပထမစွဲခဲ့သည်။