အော့တဝါ ဇွန် ၁၉
ကနေဒါအောက်လွှတ်တော်အမတ်များသည် ဆေးခြောက်အသုံးပြုမှုကိုခွင့်ပြုသည့် ဥပဒေကြမ်းတစ်ခုကို ဇွန် ၁၈ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။
ယင်းကြောင့် ကနေဒါသည် စက်မှုဖွံ့ဖြိုးပြီး ၇ နိုင်ငံအဖွဲ့တွင် ဆေးခြောက်အသုံးပြုခွင့်ကို ပထမဆုံးခွင့်ပြုသည့် နိုင်ငံဖြစ်လာခဲ့သည်။ အောက်လွှတ်တော်တွင်း မဲခွဲခဲ့ရာ ထောက်ခံမဲ ၂၀၅ မဲ၊ ကန့်ကွက်မဲ ၈၂ မဲတို့ဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ ဥပဒေကြမ်းကို အထက်လွှတ်တော်တွင် ဆွေးနွေးဦးမည်ဖြစ်သည်။ လွှတ်တော်နှစ်ရပ်က အတည်ပြုပြီးပါက ကနေဒါအုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက်ရယူပြီး စက်တင်ဘာတွင် ဥပဒေအဖြစ်သက်ရောက်ဖွယ်ရှိနေသည်။
ဆေးခြောက်အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ယာစတင်ထရူဒိုးက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ် ၂၀၁၅ ခုနှစ်တွင် ကတိပြုခဲ့သည်။ လွှတ်တော်အမတ်ဖြစ်ပြီးနောက်အပါအဝင် ယခင်က မိတ်ဆွေများနှင့်အတူ ဆေးခြောက်လေးငါးခြောက်ကြိမ်အသုံးပြုခဲ့ဖူးကြောင်း ထရူဒိုးက ဝန်ခံခဲ့ဖူးသည်။
ဥရုဂွေးနိုင်ငံသည် လွန်ခဲ့သော ငါးနှစ်မှစပြီး ဆေးခြောက်အသုံးပြုခွင့်ပေးခဲ့ပြီး အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်ကိုးခုနှင့် မြို့တော် ဝါရှင်တန်တို့သည်လည်း အသုံးပြုခွင့်ပေးထားပြီးဖြစ်သည်။ ကနေဒါ၌ ၁၉၂၃ ခုနှစ်ကတည်းက ဆေးခြောက်ပိတ်ပင်ခြင်းကို ဥပဒေဖြင့် အတည်ပြုပေးခဲ့ခြင်းဖြစ်ကာ ဇူလိုင် ၁ ရက်မှစပြီး ပိတ်ပင်ချက်အဆုံးသတ်ရန် စီစဉ်ထားသည်။ ကနေဒါ၌ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကတည်းက ဆေးခြောက်ကို ဆေးကုသရာတွင် အသုံးပြုခွင့်ပြုခဲ့သည်။
၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမတိုင်မီတွင် ဆေးခြောက်ထုတ်လုပ်၊ ရောင်းချ၊ အသုံးပြုခွင့်ပေးနိုင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ထရူဒိုးကပြောဆိုခဲ့သည်။ ကနေဒါနိုင်ငံသားများသည် နေအိမ်တွင် ဘီယာနှင့် ဝိုင်ချက်လုပ်ခွင့်ရရှိခဲ့ပြီးဖြစ်ကာ ကျန်းမာရေးအတွက်လည်း ဆေးခြောက်ကို နေအိမ်တွင် စိုက်ပျိုးခွင့်ရခဲ့သောကြောင့် ဆေးခြောက် တစ်ကိုယ်ရေသာယာရေးအတွက်လည်း အသုံးပြုခွင့်ရရှိသင့်ကြောင်း ကျန်းမာရေးဝန်ကြီး ဂီးနက်ဖဲတစ်ပါစ်တေလာက ပြောဆိုခဲ့ပြီးဖြစ်သည်။
တစ်ကိုယ်ရေအသုံးပြုမှုအတွက် အိမ်ထောင်စုတစ်စုတွင် ဆေးခြောက်ပင်လေးပင်စိုက်ပျိုးခွင့်ပေးရန် အစိုးရက စီစဉ်နေကြောင်း ၎င်းကပြောဆိုခဲ့သည်။ ဥပဒေအဖြစ်သက်ရောက်ခဲ့ပါက အသက် ၁၈ နှစ်နှင့်အထက် ကနေဒါနိုင်ငံသားများသည် အစိုးရက ခွင့်ပြုထားသော ဆေးဆိုင်များမှတစ်ဆင့် ဆေးခြောက်တစ်ဂရမ်ကို ကနေဒါဒေါ်လာ ၁၀ ဒေါ်လာနှင့် ၁၀ ဒေါ်လာအောက်ဈေးနှုန်းဖြင့် ဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။ ထို့ပြင် လူတစ်ဦးလျှင် ဆေးခြောက် ၃၀ ဂရမ်ကိုသာ လက်ဝယ်ထားရှိခွင့်ရရှိမည်ဖြစ်သည်။

















