ဆန်ဖရန်စစ္စကို ဇွန် ၁၉
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့၌ ပြုလုပ်ခဲ့သည့် နည်းပညာပြပွဲတစ်ခု၌ အိုင်ဘီအမ်ကုမ္ပဏီက ထုတ်လုပ်ထားသော ကွန်ပျူတာဉာဏ်ရည်သုံး စကားစစ်ထိုးစက်သည် လူသားများ၏ပြောဆိုမှုကို နားထောင်ကာ တုံ့ပြန်ပြောဆိုခဲ့သလို လူသားများ၏ပြောစကားမှ အားနည်းချက်များကို ထောက်ပြကာ ငြင်းခုန်ခဲ့သည်။
စကားစစ်ထိုးစက်၏ကွန်ပျူတာဉာဏ်ရည်အချက်အလက်များထဲသို့ သတင်းစာ၊ ဆောင်းပါး၊ ပညာရပ်ဆိုင်ရာဂျာနယ်များမှ မှတ်တမ်း သန်းရာပေါင်းများစွာကို ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်။ စကားစစ်ထိုးစက်သည် ငြင်းခုန်ခါနီးတွင် ယင်းမှတ်တမ်းများထဲမှ အချက်အလက်များကိုရှာဖွေကာ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
လွဲချော်မှုများရှိခဲ့သော်လည်း ပြပွဲတက်ရောက်လာသူများက ချီးကျူးခဲ့ကြသည်။ လူသားများသည် အဆိုတစ်ခုကို ကောင်းမွန်စွာတင်ပြနိုင်ခဲ့သော်လည်း စကားစစ်ထိုးစက်သည် ငြင်းခုန်ရာတွင် ချက်ကျလက်ကျ၊ အထောက်အထားခိုင်ခိုင်ဖြင့် ပြန်လည်တုံ့ပြန်နိုင်ခဲ့ကြောင်း တက်ရောက်လာသူများကပြောဆိုခဲ့သည်။ လူသားများအချက်အလက်များကိုအသုံးပြုပြီး ဆုံးဖြတ်ချက်များကို ပိုမိုလျှင်မြန်စွာ လုပ်ဆောင်ရာတွင် အကူအညီပေးရေးဖြစ်ကြောင်း စက်နှင့်ဖက်ပြိုင်ငြင်းခုန်ခဲ့သူများအနက် တစ်ဦးဖြစ်သည့် နိုယာအိုဗာဒီယာကပြောဆိုခဲ့သည်။
အိုဗာဒီယာသည် အစ္စရေးရှိ အမျိုးသားစကားရည်လုပွဲ၌ ၂၀၁၆ ခုနှစ်တွင် ချန်ပီယံဆုရရှိခဲ့သူဖြစ်ပြီး မကြာသေးမီများမှစကာ အိုင်ဘီအမ်၌ စကားစစ်ထိုးစက်၏ပြိုင်ဘက်အဖြစ် စတင်လုပ်ကိ်ုင်ခဲ့သည်။
စကားစစ်ထိုးစက်ကို အင်တာနက်နှင့်ချိတ်ဆက်ခဲ့ခြင်းမဟုတ်ဘဲ အိုင်ဘီအမ်ရှိ သုတေသနပညာရှင်များက စနစ်တကျရွေးချယ်ထားသော အရင်းအမြစ်များမှ ရွေးချယ်ကာတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ စကားစစ်ထိုးစက်က စကားရည်လုပွဲနှစ်ခုတွင် ပါဝင်ခဲ့သည်။ ပထမစကားရည်လုပွဲမှာ အာကာသလေ့လာစူးစမ်းမှုကို အများပြည်သူရန်ပုံငွေနှင့် လုပ်ဆောင်သင့်မသင့်ငြင်းခုန်သည့်ပွဲဖြစ်ပြီး ဒုတိယစကားရည်လုပွဲမှာ အဝေးရောက်စနစ်ဖြင့် ဆေးကုသသည့် နည်းပညာများတွင် ရင်းနှီးမြှုပ်နှံသင့်မသင့် ငြင်းခုန်သည့်ပွဲဖြစ်သည်။
ပါဝင်သူများသည် အဆိုပြုမှုအတွက်လေးမိနစ် ချေပချက်အတွက် လေးမိနစ်နှင့် နိဂုံးအတွက် နှစ်မိနစ်အချိန်ရရှိခဲ့သည်။ အိုဗာဒီယာက အာကာသခရီးသွားခြင်းထက် အခြားနေရာများတွင်သာ ငွေကိုပိုသုံးသင့်ကြောင်းပြောဆိုသည့်အခါတွင် စကားစစ်ထိုးစက်က ငွေသုံးရန် ပိုမိုအရေးပါသည့် နေရာများရှိနေကြောင်း လွယ်လွယ်ပြောဆိုလို့ရနေပြီး ယင်းကိုအငြင်းမပွားလိုကြောင်း၊ အာကာသခရီးစဉ်တစ်ခုတည်းအတွက် ငွေသုံးရန် မည်သူကမျှ ပြောဆိုနေခြင်းမဟုတ်ကြောင်း၊ သို့သော် လူ့အဖွဲ့အစည်း၏အနာဂတ်အတွက် အာကာသစူးစမ်းလေ့လာရေးအတွက် ငွေသုံးသင့်သည်ဟု ၎င်းထင်မြင်ပါကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

















