ဂျနီဗာ ဇွန် ၁၉
ကမ္ဘာတစ်ဝန်း၌ လက်နက်ငယ် တစ်ဘီလျံကျော်ရှိနေပြီး ၎င်းတို့အနက် ၈၅၇ သန်းသည် အရပ်သားများလက်ထဲတွင် ရှိနေကာ အမေရိကန်နိုင်ငံသားများသည် လက်နက်အများဆုံးပိုင်ဆိုင်သူများဖြစ်ကြောင်း လက်နက်ငယ်စစ်တမ်းအင်စတီကျုက ဇွန် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုတွင် ဖော်ပြထားသည်။
အရပ်သားများပိုင်ဆိုင်သော လက်နက် ၃၉၃ သန်းသို့မဟုတ် ၄၆ ရာခိုင်နှုန်းသည် အမေရိကန်ပြည်ထောင်စု၌ရှိပြီး ယင်းပမာဏသည် ထိပ်တန်းနိုင်ငံ ၂၅ နိုင်ငံစုစုပေါင်းထက်ပင် ပိုမိုများပြားနေသည်။ အမေရိကန်နိုင်ငံသားများသည် နှစ်တိုင်း လက်နက်ငယ် ၁၄ သန်းကို ဝယ်ယူနေကြောင်း လေ့လာမှုကိုရေးသားခဲ့သည့် အာရွန်ကာ့ပ်က သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။
၂၀၁၇ ခုနှစ် အကုန်ပိုင်းတွင် ကမ္ဘာတစ်ဝန်း လက်နက်ငယ် ၁ ဘီလျံရှိနေရာ ၎င်းတို့အနက် ၁၃၃ သန်းသည် အစိုးရစစ်တပ်များလက်ထဲတွင်ရှိကာ ၂၂ ဒသမ ၇ သန်းသည် တရားဥပဒေစိုးမိုးရေးအဖွဲ့များလက်ထဲတွင်ရှိနေကြောင်း လေ့လာမှုတွင်ဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စုသည် ၂၀ဝ၇ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အကုန်ပိုင်းအထိ အရပ်သားပိုင်ဆိုင်သည့် လက်နက်ငယ်ပမာဏတွင် အများဆုံးရှိခဲ့သော်လည်း ယခုအချိန်တွင်မူ စစ်ဘက်လက်နက်ပိုင်ဆိုင်မှုနှင့်ပတ်သက်လျှင် ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားနှင့် ယူကရိန်းတို့နောက်တွင် ရပ်တည်နေသည်။
ဂျနီဗာအခြေစိုက် လက်နက်ငယ်စစ်တမ်းအင်စတီကျုက လေ့လာမှုကိုထုတ်ပြန်ချိန်သည် ကုလသမဂ္ဂက ၂၀ဝ၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် လက်နက်ငယ်တရားမဝင်ကုန်သွယ်မှုတားဆီး၊ တိုက်ဖျက်နှင့် ဖျက်သိမ်းရေးအစီအစဉ် တိုးတက်မှုကို သုံးသပ်သည့် ညီလာခံနှင့် တိုက်ဆိုင်နေသည်။ ညီလာခံသည် ဇွန် ၁၈ မှ ဇွန် ၂၉ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။
အရပ်သားပိုင်ဆိုင်သော လက်နက်ပမာဏနှင့်ပတ်သက်လျှင် အမေရိကန်ပြည်ထောင်စု၌ ၃၉၃ ဒသမ ၃ သန်း၊ အိန္ဒိယ၌ ၇၁ ဒသမ ၁ သန်း၊ တရုတ်၌ ၄၉ ဒသမ ၇ သန်း၊ ပါကစ္စတန်၌ ၄၃ ဒသမ ၉ သန်းနှင့် ရုရှား၌ ၁၇ ဒသမ ၆ သန်းရှိနေကြောင်း လေ့လာမှုတွင်ဖော်ပြထားသည်။

















