ဝါရှင်တန် ဇွန် ၁၉
အမေရိကန်စစ်တပ်တွင် ခြောက်ခုမြောက် တပ်ဖွဲ့အဖြစ် အာကာသတပ်ဖွဲ့ကိုဖွဲ့စည်းကာ အာကာသစိုးမိုးရေးမှသည်၊ လကမ္ဘာပေါ် အမေရိကန်များခြေပြန်ချရေးနှင့် အင်္ဂါဂြိုလ်ထိ ခရီးဆန့်ရေးလုပ်ငန်းများကို အစိုးရက တစ်ဖန်ပြန်လည်ဦးဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
အာကာသတပ်ဖွဲ့ကိုဖွဲ့စည်းကာ အာကာသစိုးမိုးရေးလုပ်ငန်းများ အရှိန်မြှင့်ခြင်းဖြင့် နိုင်ငံတော်လုံခြုံရေးကိုလည်း မြှင့်တင်ရာရောက်သလို၊ အလုပ်အကိုင်နယ်ပယ်သစ် အများအပြားလည်း ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သမ္မတထရမ့်က ပြောကြားသည်။ အာကာသအတွင်း အမေရိကန်ရောက်ရှိရုံနှင့် မလုံလောက်၊ အာကာသကို စိုးမိုးနိုင်ရေးကိုပါ ဦးတည်ဆောင်ရွက်သွားရန် လိုကြောင်းလည်း မစ္စတာထရမ့်က ပြောသည်။
အမေရိကန်ပြည်ထောင်စုသည် လကမ္ဘာပေါ် လူသားများ ပြန်လည်စေလွှတ်သွားမည်ဖြစ်သလို၊ အင်္ဂါဂြိုလ်ထိပါ လူသားစေလွှတ်နိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
လက်ရှိတွင် အမေရိကန်စစ်တပ်၌ ကြည်းတပ်၊ ရေတပ်၊ ကမ်းခြေစောင့်တပ်၊ မရိန်းတပ်၊ လေတပ်ဟူ၍ တပ်ဖွဲ့ကြီးငါးဖွဲ့ရှိပြီး အာကာသတပ်ဖွဲ့သည် ဆဌမမြောက်တပ်ဖွဲ့အဖြစ် တည်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။ အာကာသတပ်ဖွဲ့ ဖွဲ့စည်းရန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပင်တဂွန်တို့ကိုလည်း အမိန့်ပေးထားပြီဖြစ်ကြောင်း သမ္မတထရမ့်က ပြောသည်။ တရုတ်နှင့် ရုရှားတို့က အာကာသလုပ်ငန်းတွင် ဦးဆောင်နေခြင်းသည် လက်ခံနိုင်ဖွယ်မရှိကြောင်းလည်း ၎င်းက ဆိုသည်။ စစ်တပ်ကို တိုးချဲ့ခွင့်ရရန် လွှတ်တော်၏ ခွင့်ပြုချက်ကိုရရှိရန်ကား လိုအပ်နေသေးသည်။
အမေရိကန် အာကာသကောင်စီနှင့် တွေ့ဆုံပွဲတွင် သမ္မတထရမ့်က အမေရိကန်သည် လကမ္ဘာပေါ်တွင် အလံလေးစိုက်ရုံ၊ ခြေရာလည်းချန်ရုံလောက်နဲ့ တင်းတိမ်နေမည် မဟုတ်ကြောင်း၊ ရေရှည်စခန်းများပါ ချထားကာ အာကာသစီးပွားလုပ်ငန်းထူထောင်ပြီး အင်္ဂါဂြိုလ်ထိပါ ခရီးဆက်နိုင်အောင် အားထုတ်သွားမည်ဟုလည်း ပြောကြားသည်။
အာကာသလုပ်ငန်းကို အမေရိကန်အစိုးရက တဖန်ပြန်လည်ဦးဆောင်မည်ဖြစ်သလို၊ အမေရိကန် ပုဂ္ဂလိက အာကာသလုပ်ငန်းများဖွံ့ဖြိုးရေးကိုလည်း ယခင်ထက် ပိုမိုအားပေးသွားမည်ဖြစ်ကြောင်းလည်း သမ္မတထရမ့်က ပြောသည်။

















