မလေးရှားနိုင်ငံတွင် သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများ ဆက်လက်ဖမ်းဆီးရမိ

မလေးရှားနိုင်ငံတွင် သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများ ဆက်လက်ဖမ်းဆီးရမိ

မလေးရှားနိုင်ငံတွင် သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများ ဆက်လက်ဖမ်းဆီးရမိခဲကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန် ၁၉ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ ၁၈ သန်း (ရင်းဂစ် ၇၁ သန်း) ခန့်ရှိ မူးယစ်ဆေးဝါးများ လဖက်ခြောက်ထုပ်များအသွင်ရောနှော တင်ပို့ခဲ့မှုဖြင့် ဖမ်းဆီးရမိခဲ့သည့် အမှုဖြင့် မင်းနိုင် ဆိုသူကို ရဲတပ်ဖွဲ့က ဇွန်လ (၂) ရက်တွင် ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်စစ်ဆေးခဲ့သည်။

၄င်း၏ ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ မောင်မောင်(ခ) HJ Yassin အား  မန္တလေးမြို့ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်။

 ၎င်း၏အစစ်ခံချက်အရ မလေးရှားတွင် တွေ့ဆုံသိကျွမ်းခဲ့သည့် ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင်(ဖမ်းမမိသေး) တာချီလိတ်မြို့နေသူထံမှ မူးယစ်ဆေးဝါးများအား မြန်မာပြည်တွင်း အဆင့်ဆင့်သော သယ်ဆောင်သူများဖြင့်  ကားလမ်းကြောင်းနှင့် မော်တော်ယာဉ်အမျိုးမျိုးတို့ကိုအသုံးပြုကာ တာချီလိတ်မှတစ်ဆင့် ရန်ကုန်မြို့၊ လှည်းကူး မြို့နယ်ရှိ မင်းနိုင် ပိုင် Nice Guy သောက်ရေသန့် စက်ရုံသို့ပို့ခဲ့ကြောင်း၊ ၎င်းစက်ရုံမှတစ်ဆင့် ဟူစိန်(ခ) မိုဟာမက်ဟူစိန် (ဖမ်းမမိသေး)မှ ၎င်း၏ Bongo Box ယာဉ်ဖြင့် အောက်ပုဇွန်တောင်လမ်းရှိ မောင်မောင်၏ ဂိုဒေါင်သို့ပို့ဆောင်ခဲ့ကြောင်းထွက်ဆိုခဲ့သည်။

ထိုမှတစ်ဆင့် မင်းနိုင်၏ Nice Guy Clerance Service Agency မှ စီစဉ်ပေးမှုဖြင့် ကွန်တိန်နာအတွင်း မြန်မာ့ရိုးရာအစားအသောက်များနှင့် ရောနှောကာ မလေးရှားနိုင်ငံသို့ ပို့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 

 မူးယစ်ဆေးဝါးများရေလမ်းကြောင်းဖြင့် မလေးရှားနိုင်ငံသို့ ရောက်ရှိကာ မလေးရှားနိုင်ငံတွင်နေထိုင်ပြီး စတိုးဆိုင် ဖွင့်လှစ်ထားသူ ဇေယျာဟိန်း (မောင်မောင်(ခ) HJ Yassin ၏ ယောက်ဖ)မှ အဆင့်ဆင့်သော အဆက်အသွယ်များဖြင့် လက်ခံရယူထိန်းသိမ်းပြီး  ၎င်းမှတစ်ဆင့် ချင်ကျားမူ (ခ)မကျားဝေ (ခ) နှင်းဦးလွင် ၏ခင်ပွန်း အကိုကြီး(ခ) ကတုံး (စိစစ်ဆဲ၊ မလေးရှားနိုင်ငံတွင်နေထိုင်သူ)ထံသို့ ဆက်လက် ပေးပို့ရကြောင်း၊ အကိုကြီး (ခ) ကတုံးသည် မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေသူ တစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။ 

၎င်းနောက် ဇေယျာဟိန်းကို နိုင်ငံကူးလက်မှတ် သက်တမ်း တိုးရန် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာစဉ် ဇွန်(၉)ရက်တွင် အမှုစစ်အဖွဲ့က ဆက်လက် ဖမ်းဆီးရမိခဲ့သည်။

 မောင်မောင်နှင့် ဇေယျာဟိန်း တို့နှစ်ဦးကို တိုက်ဆိုင်စစ်ဆေး ထွက်ဆိုချက်များအရ ထားဝယ်မြို့တွင် နေထိုင်သူ ထားဝယ်ကြီး (ခ) အောင်လွင် အား မလေးရှား၌ တွေ့ဆုံသိကျွမ်းခဲ့ပြီး ၎င်းတို့သည် ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင်နှင့်ဆက်သွယ်ကာ မူးယစ်ဆေးဝါးများကို  မလေးရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

 ဇွန် (၁၂)ရက်နေ့တွင် ထားဝယ်ကြီး (ခ) အောင်လွင်ကို မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထားဝယ်မြို့ နေအိမ်မှ ICE (၁၀) ဂရမ် သိမ်းဆည်းရမိခဲ့သည်။ 

 ထားဝယ်ကြီး(ခ)အောင်လွင် ၏ထွက်ဆိုချက်အရ မောင်မောင် (ခ) HJ Yassin ၊ ဇေယျာဟိန်း၊ ချင်းကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်နှင့် ၎င်း၏ခင်ပွန်း အကိုကြီး (ခ) ကတုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးများကို မင်းနိုင်၏အကူအညီဖြင့် မလေးရှားနိုင်ငံသို့ ပေးပို့ခဲ့ကြောင်းနှင့် ၎င်းသည် ယခင်က မလေးရှားနိုင်ငံ၌ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ဖူးကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ 

 တရားခံများ၏ အစစ်ခံဖော်ထုတ်ချက်များအရ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသော အကျိုးအမြတ်များဖြင့် ရယူပိုင်ဆိုင်ထားသည်ဟု ယူဆရသည့် မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းများကို စိစစ်ခဲ့ရာ မောင်မောင်(ခ) HJ Yassin (ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ခုနှစ်သောင်းကျော်၊ ထားဝယ်ကြီး (ခ) အောင်လွင် (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်းပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော်၊ ဇေယျာဟိန်း (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်း ပေါင်း လေးထောင်ကျော်၊ မင်းနိုင်(ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ငါးရာခန့်၊ ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦးလွင်(တိမ်းရှောင်) ပိုင်ဆိုင်သည့်  ခန့်မှန်းကျပ်သိန်းပေါင်း ရှစ်သောင်းကျော်၊ ဟူစိန်(ခ) မိုဟာမက်ဟူစိန် (တိမ်းရှောင်) ပိုင်ဆိုင်သည့်  ခန့်မှန်းကျပ်သိန်းပေါင်း ငါးထောင်ကျော် တို့အား ကနဦးစိစစ်တွေ့ရှိရ၍ ထိန်းသိမ်းကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်ထားသည်။

တရားခံပြေး ချင်ကျားမူ (ခ)မကျားဝေ(ခ) နှင်းဦးလွင်နှင့် ဟူစိန်(ခ)မိုဟာမက်ဟူစိန်တို့အား တွေ့ရှိပါက နီးစပ်ရာရဲစခန်းအသီးသီးသို့ သတင်းပေးပို့နိုင်ပါကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။       

မင်းနိုင်၊ မောင်မောင်(ခ) HJ Tasting၊ ထားဝယ်ကြီး(ခ) အောင်လွင်နှင့် အမှုတွင်ပါဝင်ခဲ့ပြီး ဖမ်းဆီးထားသူတရားခံတစ်ဦးကိုဇွန် ၁၅ရက်တွင် ဆိပ်ကမ်းမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။