အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် နောက်ထပ် တရုတ်သွင်းကုန် ဒေါ်လာဘီလီယံ ၂၀ဝ ဖိုးအပေါ် အခွန်တိုးကောက်ရန် စီစဉ်လျက်ရှိသည်ဟု ပြောဆိုခြင်းဖြင့် ကုန်သွယ် ရေးအငြင်းပွားမှုတွင် တရုတ်ကို ထပ်မံခြိမ်းခြောက်ခဲ့သည်။
တရုတ်အနေဖြင့် လက်ရှိကုန်သွယ်လုပ်ငန်းကျင့်ထုံးများကို ပြုပြင်ခြင်းမရှိပါက ကုန် စည်ဒေါ်လာဘီလီယံ ၂၀ဝ ဖိုးအပေါ် အခွန်တိုးကောက်ရလိမ့်မည်ဖြစ်ကြောင်း သမ္မတ ထရမ့်က သတိပေးလိုက်ခြင်းဖြစ်သည်။ ယခုကဲ့သို့ အခွန်တိုးကောက်ရန် ထပ်မံစီစဉ်မှု ကြောင့် အမေရိကန်နှင့် တရုတ်အကြားကုန်သွယ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာရန် ရှိနေ သည်။ တရုတ်သည် ပြီးခဲ့သည့် နှစ်ပေါင်းများစွာ တောက်လျှောက် မမျှတသော ကုန်သွယ် ရေးကျင့်ထုံးများဖြင့် အမေရိကန်ကို အသာစီးယူခဲ့ကြောင်း သမ္မတထရမ့်က ပြောသည်။
ပြစ်တင်ပြောကြား
ပြီးခဲ့သည့် သီတင်းပတ်ကလည်း တရုတ်ကုန်စည် ဒေါ်လာ ၅၀ ဘီလီယံဖိုးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မည်ဟု သမ္မတထရမ့်က ကြေညာခဲ့သည်။ တရုတ်ကလည်း တန်ပြန်ကာ ဒေါ်လာ ၅၀ ဘီလီယံဖိုး အမေရိကန်ကုန်စည် ၆၅၉ မျိုးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မည်ဟုကြေညာခဲ့သည်။ ယင်းကုန်စည်များတွင် အမေရိကန် စိုက် ပျိုးထွက်ကုန်၊ မော်တော်ယာဉ်နှင့် ရေကြောင်းဆိုင်ရာပစ္စည်းများ ပါဝင်သည်။ မည်သည့် အမှားအယွင်းကိုမျှ ကျူးလွန်ခြင်းမရှိသော အမေရိကန်ကုမ္ပဏီများ၊ လုပ်သားများ၊ လယ် သမားများကို တရုတ်သည် ခြိမ်းခြောက်အနိုင်ကျင့်ရာရောက်နေသည်ဟု မစ္စတာထရမ့် က ပြစ်တင်ပြောကြားခဲ့သည်။
ညွှန်ကြားထား
တရုတ်နှင့် အမေရိကန်အကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားလာတော့မည်ဟူသော စိုးရိမ်မှုများကြောင့် ဇွန် ၁၈ ရက် နိုင်ငံတကာစတော့ဈေးကွက်များလည်း ကျဆင်းခဲ့သည်။ နောက်ထပ် အခွန်တိုးကောက်သင့်သည့် တရုတ်ကုန်စည်များစာရင်းတင်ပြရန်လည်း အကြံ ပေးများကို ညွှန်ကြားထားပြီးဖြစ်ကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့သည်။
နှစ်စဉ် ကုန်သွယ်ရေးဒေါ်လာ ၃၄ ဘီလီယံဖိုးရှိသော တရုတ်ထုတ်ကုန် ၈၀ဝ ခန့်အပေါ် အမေရိကန်က အခွန်တိုးကောက်မည့် အစီအစဉ်တစ်ရပ်သည် လာမည့် ဇူလိုင် ၆ ရက်တွင် စတင် အသက်ဝင်တော့မည်ဖြစ်သည်။ အခွန်တိုးကောက်ခံရမည့် တရုတ်ကုန်စည်များထဲတွင် လေယာဉ်တာယာမှအစ တာဘိုင်များအထိ ပါဝင်သလို၊ ပန်းကန်ဆေးစက် စသည့် အိမ်သုံး ပစ္စည်းများလည်း ပါဝင်သည်။
















