ဖနောင်ပင် ဇွန် ၂၀
ကမ္ဘောဒီးယားစစ်တပ် ခေတ်မီစစ်တပ်ဖြစ်လာရေးအတွက် ဒေါ်လာ သန်း ၁၀ဝ ကူညီမည်ဖြစ်ကြောင်း တရုတ်က ကတိပြုလိုက်ပြီဟု ကမ္ဘောဒီးယားအစိုးရက ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဝေဖန်းဟဲက ကမ္ဘောဒီးယားသို့ ဇွန် ၁၆ ရက်တွင် ရောက်ရှိပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့ပြီးနောက် အကူအညီပေးမည့် အစီအစဉ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဗိုလ်ချုပ်ချဟွန်ဆိုချိကပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားစစ်တပ်သည် ခေတ်မီစစ်တပ်ဖြစ်လာရေးအတွက် လေ့ကျင့်သင်ကြားမှုနှင့် အခြားလိုအပ်သည်များကို ကူညီမည်ဖြစ်ကြောင်း ဝေကပြောဆိုခဲ့သည်ဟု ဆိုချိကပြောဆိုခဲ့သည်။ နှစ်နိုင်ငံသည် လာမည့်နှစ်တွင် ရွှေနဂါးဟု အမည်ပေးထားသည့် တတိယမြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
ဝေသည် ဇွန် ၂၀ ရက်တွင် တရုတ်သို့ ပြန်လည်ထွက်ခွာခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘောဒီးယားတို့ကြား ဆက်ဆံရေးဆိုးရွားလာချိန်တွင် တရုတ်က စစ်ရေးအကူအညီပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့ခြင်းဖြစ်သည်။ ယမန်နှစ်တွင် ပူးတွဲပြုလုပ်ရန် စီစဉ်ထားသည့် စစ်ရေးလေ့ကျင့်မှုကို ကမ္ဘောဒီးယားက ဖျက်သိမ်းခဲ့သည်။
ထို့ပြင် အတိုက်အခံများက ၎င်း၏အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှုကို အမေရိကန်က အကူအညီပေးနေကြောင်း ဟွန်ဆန်က စွပ်စွဲပြောဆိုခဲ့သည်။ ယမန်နှစ်တွင် အဓိကအတိုက်အခံပါတီကို ဖျက်သိမ်းပြီး အတိုက်အခံခေါင်းဆောင် တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်သောကြောင့် ကမ္ဘောဒီးယားကို ၃၃ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီးဖြစ်သည့် ဟွန်ဆန်သည် လာမည့်လတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ခြေများနေသည်။
အမေရိကန်သည် ကမ္ဘောဒီးယား၏ရွေးကောက်ပွဲများအား ငွေကြေးထောက်ပံ့ခြင်းကိုရပ်ဆိုင်းခဲ့ပြီး ဟွန်ဆန်၏ ကိုယ်ရံတော်တပ်အကြီးအကဲအား လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ယခုလအတွင်း ပိတ်ဆို့မှုများချမှတ်ခဲ့ပြီးဖြစ်သည်။

















