ဂျနီဗာ ဇွန် ၂၀
ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသည် နိုင်ငံရေး ဘက်လိုက်မှုများ ပြည့်နှက်နေသဖြင့် အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်လိုခြင်း မရှိတော့ကြောင်းဖြင့် အမေရိကန်အစိုးရက ကြေညာကာ နုတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။
လူ့အခွင့်အရေးကောင်စီဟာ ကိုယ့်အတွက်ကိုယ်သာ ကြည့်ပြီး အလုပ်လုပ်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ဘက်လိုက်ဆုံးဖြတ်သည့် အဖွဲ့အစည်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီ ဟေလီက စွပ်စွဲပြောကြားလိုက်သည်။
လူ့အခွင့်အရေးကောင်စီသည် အလယ်အလတ်လမ်းစဉ် မကျင့်သုံးကြောင်း၊ အစ္စရေးကို မုန်းတီးသည့် သဘောထားကို လက်ကိုင်ထားနေကြောင်း၊ ထို့ကြောင့် အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်သင့် မသင့်ကို စဉ်းစားသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်က မစ္စ ဟေလီက ပြောခဲ့ဖူးသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ၂၀ဝ၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေး စံချိန်စံညွှန်း သံသယဖြစ်ဖွယ် နိုင်ငံများကိုပါ အဖွဲ့ဝင်ခွင့် ပေးထားခြင်းအတွက်လည်း ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ အမေရိကန်နုတ်ထွက်သွားခြင်းကြောင့် ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေး စောင့်ကြည့်လုပ်ငန်းများ အားနည်းသွားနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် လူ့အခွင့်အရေး ကာကွယ်ပေးနိုင်စွမ်း နိမ့်ပါးသည့် အဖွဲ့အစည်းဖြစ်သည်ဟု ဝေဖန်ပြောကြားသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အမေရိကန်ကို လူ့အခွင့်အရေး ကောင်စီထဲတွင် ဆက်နေစေလိုကြောင်း ပြောသည်။ လူ့အခွင့်အရေး ကောင်စီ ကော်မရှင်နာမင်းကြီး ဇိုင် ရတ် အယ် ဟူစိန်ကလည်း အမေရိကန်နုတ်ထွက်ခြင်းသည် အံ့ဩစရာ သတင်းမဟုတ်သော်လည်း စိတ်တော့ ပျက်မိသည်ဟု ပြောကြားသည်။
အစ္စရေးကမူ အမေရိကန်ကို ချီးကျူးပြောကြားထားသည်။

















