မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ရာထူးအလိုက် ရဲတပ်ဖွဲ့ယူနီဖောင်းဝတ်စုံ ကော်လာတွင် တံဆိပ်တပ်ဆင်အသုံးပြုရန် ဇွန် ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။
" ရဲတပ်ဖွဲ့ဝင်တွေရဲ့ ယူနီဖောင်းကော်လာတွေမှာ ရာထူးအလိုက် အဆင့် (၅) ဆင့် သတ်မှတ်ပြီး တပ် ဆင်ရမှာပါ။ ဇွန် ၁၈ ရက်က ရဲချုပ်၊ ရဲမှူးချုပ်တွေစပြီးတပ်ဆင်အသုံးပြုနေပါပြီ။ ကျန်တဲ့ အရာရှိကြီးတွေအပါအဝင် ရာထူးအလိုက် ကတော့ ညွှန်ကြားချက်ထွက်မှသာ တပ်ဆင်အသုံးပြုရ မှာဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက် မတိုင်ခင် ရဲတပ်ဖွဲ့ဝင်တွေအကုန်လုံး နီးပါးတပ် ဆင် သွား မှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ရဲတပ်ဖွဲ့ဝတ်စုံစည်းမျဉ်းတွင်ပါရှိသည့် ကော်လာတံဆိပ် တပ်ဆင် ရန်ခွင့်ပြုချက်ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးက ဇွန် ၁၅ ရက်တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များ၏ ရာထူးအလိုက် အဆိုပါ ကော်လာတံဆိပ်များကို တပ်ဆင်အသုံးပြုရန် နှင့် တပ်ဆင်ခွင့်ရရှိသည့် ပုံသဏ္ဍာန်အရွယ်အစားများလည်း ခွင့်ပြုချက်တွင်ပါရှိကြောင်းရဲတပ်ဖွဲ့ဝင်များ ထံမှ သိရသည်။ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံး၏ ခွင့်ပြုချက်တွင် ရဲချုပ်တပ်ဆင်အသုံးပြုရန် အတွက် လေးထောင့်ပုံ ငွေရောင်၊ စပါးနှံခက်အတွင်း ရွှေဝါရောင်အရင့်အောက်ခံ ပေါ်တွင် ငွေ ရောင် ကြယ် ထည့်သွင်းသည့်ကော်လာတံဆိပ်၊ ရွှေဝါရောင်အရင့် အောက်ခံပေါ်တွင် တပ်ဆင်ရမည်ဖြစ်ကာ အရွယ်အစားမှာ တပ်မတော်မှ အရာရှိကြီးများ တပ်ဆင်ရန် ကော်လာတံဆိပ်လေးထောင့် အရွယ်အစား ၊ ဒုတိယရဲချုပ်၊ ရဲမှူးချုပ်နှင့် ရဲမှူးကြီး တပ်ဆင်အသုံးပြုရန်အတွက် လေးထောင့်ပုံ ငွေရောင်စပါးနှံ ခက်အတွင်း ငွေရောင်အောက်ခံပေါ်တွင် ငွေရောင်ကြယ်ထည့်သွင်းထားသည့် ကော်လာတံဆိပ်၊ ငွေရောင်အောက်ခံပေါ်တွင် တပ်ဆင်ဝတ်ဆင်ရမည်ဖြစ်သည်။
ထို့ပြင် ဒုတိယရဲမှူးကြီး၊ ရဲမှူး၊ ဒုတိယရဲမှူး အစရှိသည့် ရဲတပ်ဖွဲ့ဝင်များတပ်ဆင်အသုံးပြုရန် အဝိုင်းပုံ ငွေရောင်၊ စပါးနှံနှစ်ခက်၏ အလည်တွင် ငွေရောင်ကြယ်ကို ထည့်သွင်းထားသည့် ငွေရောင်ကော်လာတံဆိပ်တို့ကို တပ်ဆင် အသုံးပြုရမည်ဖြစ်ပြီး ခွင့်ပြုအရွယ်အစားမှာ တပ်မတော်မှ အရာရှိကြီးများ တပ်ဆင် အသုံးပြုသည့် အရွယ်အစားအတိုင်း ခွင့်ပြုထားသည်။
ထိုနည်းတူ ရဲအုပ်၊ ဒုရဲအုပ်တို့ တပ်ဆင်ရန်အတွက် အဝိုင်းပုံသဏ္ဍန် ငွေရောင်အောက်ခံ တွင်ငွေ ရောင် ကြယ် ပါရှိသည့် ငွေရောင်ကော်လာတံဆိပ်၊ ရဲအရာခံအဆင့်မှရဲတပ်သားအဆင့်အထိ အဝိုင်း ပုံသဏ္ဍာန် အပြာရောင်အောက်ခံတွင် ငွေရောင်ကြယ်ပါရှိသည့် ကော်လာတံဆိပ်တို့ဖြစ်ပြီး ငွေရောင် ကြယ်အရွယ်အစားမှာ အချင်း(ဝ ဒသမ ၈)လက်မနှင့် အပြာရောင်အောက်ခံအရွယ်အစား မှာ အချင်း ၁ လက်မတို့ဖြစ်ကြောင်း ယူနီဖောင်းဆိုင်ရာ ခွင့်ပြုသတ်မှတ်ချက်တွင် ပါရှိသည်။
'' ရဲချုပ်၊ ဒုတိယရဲချုပ်နဲ့ ရဲမှူးချုပ်တွေကတော့ ဇွန် ၁၈ ရက်မှာ တပ်ဆင်ပြီးပါပြီ။ ကျန်တဲ့ ရာထူး အလိုက်ကိုတော့ တံဆိပ်တွေ မှာယူထားတဲ့ အတွက်ကြောင့် အောက်တိုဘာ ၁ ရက် (မြန်မာနိုင်ငံရဲတပ်ဖွဲ့)နေ့ မတိုင်ခင် ရဲတပ်ဖွဲ့ဝင်တွေ အကုန်လုံးတပ်ဆင်အသုံးပြုခွင့်ရရှိမှာပါ။ ဒီကြား ထဲ ပြင်ပမှ ကိုယ်တိုင်ပြုလုပ်တပ်ဆင်မဝတ်ဆင်ဖို့ ညွန်ကြားချက်မှာ တင်းကြပ်စွာသတိပေးထား ပါတယ်" ဟု ရဲအရာရှိတစ်ဦးက ပြောသည်။
















