အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်သောအားဖြင့် ဆလိုဗားကီးယား လယ်သမားများ မြို့တော်သို့ ထွန်စက်မောင်းချီတက်

အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်သောအားဖြင့် ဆလိုဗားကီးယား လယ်သမားများ မြို့တော်သို့ ထွန်စက်မောင်းချီတက်

ဘရာတစ်ဆလာဗာ     ဇွန် ၂၀
    ဥရောပသမဂ္ဂက ချထားပေးသော လယ်သမားများအတွက် အကူအညီငွေကြေးများကို ဖြတ်စားမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာမှုကြောင့် အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်သောအားဖြင့် ဆလိုဗားကီးယား လယ်သမားများသည် မြို့တော်  ဘရာတစ်ဆလာဗာသို့ ထွန်စက်များမောင်းကာ ဇွန် ၁၉ ရက်ညပိုင်းက စုဝေးရောက်ရှိခဲ့ကြကြောင်း သိရသည်။ 

ခြစားမှုများ ရှိနေကြောင်းကို သတင်းသမား ရန် ကူဆတ်က ထုတ်ဖော်ရေးသားခဲ့ပြီး နောက်ပိုင်းတွင် ၎င်းသည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ မြေယာစီမံခန့်ခွဲမှု လုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရန်၊ ဥရောပသမဂ္ဂက ချထားပေးသော လယ်သမားများအတွက် အကူအညီ ငွေကြေးများကို ခွဲဝေချထားပေးရာတွင် ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရန်အတွက် လယ်သမားများကို ကိုယ်စားပြုသော Rural Platform အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 
    “ဒီပြဿနာတွေ အတွင်းလှိုက်ပြီး ဖြစ်နေတာ တော်တော်ကြာပြီ။ ဦးဆုံး ဖော်ထုတ်ရေးသားတဲ့ သတင်းသမား ကူဆတ် အသတ်ခံရတော့ အားလုံးရဲ့ ဒေါသတွေ  ပိုကြွလာတယ်” ဟု နိုင်ငံမြောက်ပိုင်း အိုရာဗာဒေသရှိ လယ်သမားတစ်ဦးဖြစ်သူ မာရီရန်  ဂလိုဗာတက်ခ်က ပြောသည်။ 
    အစိုးရနှင့် အီတလီ မာဖီးယားများ ပူးပေါင်းကာ ဥရောပသမဂ္ဂက ချထားပေးသော လယ်သမားများအတွက် အကူအညီ ငွေကြေးများကို ဖြတ်စားရန် စီစဉ်ထားမှုများကို ဖော်ထုတ်ရေးသားခဲ့သော ကူဆတ်သည် နေအိမ်မှာပင် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။ ကူဆတ်၏ ဆောင်းပါးထဲတွင် လယ်သမားများအတွက် ချထားပေးမည့် ကူညီငွေကြေးများအနက် ယူရို သန်းပေါင်းများစွာ ပျောက်ဆုံးနေမှုကို ဖော်ထုတ်ရေးသားထားသည်။ 
    ကူဆတ် သတ်ဖြတ်ခံရပြီးနောက် လူဦးရေ ၅ ဒသမ ၄ သန်းရှိသော ဆလိုဗားကီးယားနိုင်ငံတွင် ပြည်သူအများသည်  အစိုးရ၏ ပွင့်လင်းမြင်သာမှု မရှိပုံများကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး မတ်လတွင် အစိုးရ နုတ်ထွက်ရေး ဆန္ဒပြပွဲများလည်း ဖြစ်ပွားခဲ့သည်။