ဝါရှင်တန် ဇွန် ၂၀
အမေရိကန်နှင့် မက္ကစီကို နယ်စပ်တွင် တရားမဝင် ခိုလှုံသူများကို ဖမ်းဆီးရာတွင် မိဘများကို ဖမ်းဆီးပြီး ကလေးများကို သပ်သပ်ခွဲကာ ထိန်းသိမ်းထားခြင်းအတွက် ဝေဖန်သံများ ပြင်းထန်နေခြင်းကို လျှော့ချနိုင်စေမည့် ဥပဒေပြင်ဆင်ချက်မျိုး ပြဌာန်းနိုင်ရန် ရီပတ်ဘလီကန် လွှတ်တော်အမတ်များ အပူတပြင်း ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ရီပတ်ဘလီကန်များ ပြင်ဆင်ပြဌာန်းသည့် မည်သည့် ဥပဒေမျိုးကိုမဆို လက်မှတ်ထိုး အတည်ပြုပေးရန် အသင့်ရှိသည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ နယ်စပ်တွင် ကလေးငယ်များကို မိဘများနှင့်ခွဲကာ ထိန်းသိမ်းထားသော “သည်းခံမှုသုည လူဝင်မှုကြီးကြပ်ရေး ဥပဒေ” ကို ဝေဖန်ခံရမှု လျှော့ချနိုင်ရေးအတွက် ရီပတ်ဘလီကန်များ ထိန်းချုပ်ထားသော လွှတ်တော်သည် ကြိုးပမ်းလျက်ရှိသည်။ ဥပဒေကို ပြင်ဆင်ဖြည့်စွက်မည်ဖြစ်သော်လည်း တရားမဝင် ဝင်ရောက်သူများကိုမူ လျှော့ပေါ့ကိုင်တွယ်မည်မဟုတ်ဟုလည်း သမ္မတ ထရမ့်က ပြောသည်။
ဇွန် ၁၉ ရက် ညပိုင်းတွင် လွှတ်တော်၌ ရီပတ်ဘလီကန် အမတ်များနှင့် တွေ့ဆုံပြီးနောက် သမ္မတ ထရမ့်က ဆွေးနွေးမှု ရလဒ်များ ကောင်းမွန်ကြောင်း ပြောသည်။ ကလေးများကို တရားမဝင် ခိုလှုံသော မိဘများနှင့် တကွဲတပြားစီ ထိန်းသိမ်းထားခြင်းသည် မြင်လို့ကြားလို့မကောင်းသည်ကို နားလည်ကြောင်းဖြင့် သမ္မတ ထရမ့်က ပြောကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး တာဝန်ရှိသူ ရာ့ဂျ် ရှားက ပြောသည်။
အမေရိကန်နိုင်ငံတွင်းသို့ တရားမဝင် ခိုလှုံဝင်ရောက်လာသော မိဘများကို ဖမ်းဆီးသည့်အခါ ဥပဒေအရ ကလေးများကို ဖမ်းဆီးခွင့်မရှိသော်လည်း၊ အစိုးရအနေဖြင့် ထိုကလေးများကို စောင့်ရှောက်ရန်လည်း တာဝန်ရှိသဖြင့် ထိန်းသိမ်းရေးစခန်းများ ဖွင့်လှစ်ကာ ကလေးများကို စောင့်ရှောက်ထားရလျက်ရှိသည်။ မေ ၅ ရက်မှ ဇွန် ၉ ရက်ထိ ထိန်းသိမ်းခံ မိဘ ၂၂၀၆ ဦးထံမှ ကလေး ၂၃၄၂ ဦးကို ခွဲထုတ်ကာ စောင့်ရှောက်ထားရကြောင်း အမေရိကန် လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများက ပြောသည်။

















