သြစတြေးလျ၌ အလုပ်ခွင်လိင်ပိုင်းမလျော်ကန်မှုများကို စုံစမ်းစစ်ဆေးမည်

သြစတြေးလျ၌ အလုပ်ခွင်လိင်ပိုင်းမလျော်ကန်မှုများကို စုံစမ်းစစ်ဆေးမည်

ဆစ်ဒနီ ဇွန် ၂၀
လိင်ပိုင်းအနိုင်ကျင့်ခံရမှုများကို ထုတ်ဖော်ပြောဆိုမှု #MeToo ( ကျွန်မလည်း အနိုင်ကျင့်ခံခဲ့ရတယ်) လှုပ်ရှားမှုကြောင့် အားတက်ပြီး သြစတြေးလျနိုင်ငံ၌လည်း အလုပ်ခွင်တွင်း လိင်ပိုင်းမလျော်ကန်သည့် အပြုအမူများကို စုံစမ်းစစ်ဆေးဖြစ်ကြောင်း သြစတြေးလျလူ့အခွင့်အရေးကော်မရှင်( အေအိပ်ချ်အာရ်စီ) က ဇွန် ၂၀ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

စီးပွားရေးလုပ်ငန်းများ၊ ဖျော်ဖြေရေးကဏ္ဍနှင့် နိုင်ငံရေးနယ်ပယ်တို့ရှိ လိင်ပိုင်းအနိုင်ကျင့်မှုများကို ဆန့်ကျင်ကြောင်း ထုတ်ဖော်မှုတစ်ခုဖြစ်သည့် တွစ်တာ၌ #MeToo ဖြင့် လှုပ်ရှားမှုကြောင့် အားတက်ပြီး အာရှနိုင်ငံတချို့တွင်လည်း အလားတူလှုပ်ရှားမှုများရှိနေပြီဖြစ်သည်။ 
    ကော်မရှင်၏ ၁၂ လကြာ စုံစမ်းစစ်ဆေးမှုကို အစိုးရက တစ်စိတ်တစ်ပိုင်းငွေကြေးထောက်ပံ့မည်ဖြစ်သည်။ ကော်မရှင်သည် အများပြည်သူတို့က တိုင်ကြားစာများကိုလက်ခံပြီး နောက်ဆုံးအကြံပြုချက်များမပေးမီတွင် ယင်းဖြစ်ရပ်များကိုကိုင်တွယ်မည့်ဥပဒေကြောင်းကို စဉ်းစားသုံးသပ်မည်ဖြစ်သည်။
    လိင်ပိုင်းမလျော်ကန်မှုများကို တစ်နိုင်ငံလုံးအတိ်ုင်းအတာအားဖြင့် လွတ်လပ်သော လူ့အခွင့်အရေးကော်မရှင်တစ်ရပ်က စုံစမ်းစစ်ဆေးသည့် အခြားနေရာဒေသများမရှိသေးကြောင်း အေအိပ်ချ်အာရ်စီ လိင်ခွဲခြားမှုတိုက်ဖျက်ရေးကော်မရှင်နာ ကိတ်ဂျန်ကင်စ်က ပြောဆိုခဲ့သည်။
    အလုပ်ခွင်တွင် လိင်ပိုင်းထိကပါးရိကပါးဆက်ဆံခံခဲ့ရသည့် အမျိုးသမီးများနှင့် လိင်ပိုင်းအနိုင်ကျင့်ခံခဲ့ရသည့် အမျိုးသမီးများအတွက် ငွေကြေးအကျိုးဆက်များကို အဓိကထားစစ်ဆေးမည်ဖြစ်ကြောင်း အမျိုးသမီးရေးရာဝန်ကြီး ကယ်လီအိုဒိုင်ယာက ပြောဆိုခဲ့သည်။
    လိင်ပိ်ုင်းအနိုင်ကျင့်လိုသည့် သဘောဖြင့် ချဉ်းကပ်ခြင်းကို ငြင်းပယ်ခဲ့ပါက အမျိုးသမီးတစ်ဦးသည် အလုပ်အကိုင်နေရာကိုဆုံးရှုံးရနိုင်ခြေရှိပြီး အခြားအလုပ်ရှာပါကလည်း အလုပ်ရှင်ထံမှ ထောက်ခံစာမရရှိသောကြောင့် အလုပ်သစ်တွင် ရာထူးတိုးနိုင်ခြေမရှိတော့ကြောင်း အိုဒိုင်ယာကပြောဆိုခဲ့သည်။
    ၂၀၁၂ ခုနှစ်မှစပြီး အလုပ်ခွင်တွင်း လိင်ပိုင်းမလျော်ကန်လုပ်မှုပမာဏတိုးမြင့်လာပြီး လွန်ခဲ့သောငါးနှစ်အတွင်း အမျိုးသမီးလေးဦးလျှင် တစ်ဦး၊ အမျိုးသားခြောက်ဦးလျှင် တစ်ဦး လိင်ပိုင်းအနိ်ုင်ကျင့်ခံခဲ့ရကြောင်း သြဂုတ်တွင် ထုတ်ပြန်မည့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကောက်ခံခဲ့သည့် စစ်တမ်းတွင် ဖော်ပြထားကြောင်း ကော်မရှင်နာ ကိတ်ဂျန်ကင်စ်ကပြောဆိုခဲ့သည်။