ပါလက်စတိုင်းများက အစ္စရေးကို စွန်များ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက် အစ္စရေးက ဂါဇာပါလက်စတိုင်းပစ်မှတ်များကို လေကြောင်းမှ ပြန်တိုက်

ပါလက်စတိုင်းများက အစ္စရေးကို စွန်များ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက် အစ္စရေးက ဂါဇာပါလက်စတိုင်းပစ်မှတ်များကို လေကြောင်းမှ ပြန်တိုက်

ဂါဇာ    ဇွန် ၂၀
    ဂါဇာဒေသရှိ ပါလက်စတိုင်းများက အစ္စရေးတောင်ပိုင်းကို မီးရှို့ထားသည့်စွန်များ၊ လက်နက်ကြီးများဖြင့် နည်းလမ်း အဖုံဖုံ တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးတို့ကလည်း ဂါဇာရှိ ပါလက်စတိုင်းပစ်မှတ်များကို လေကြောင်းမှတိုက်လေယာဉ်များဖြင့် တုံ့ပြန်တိုက်ခိုုက်ခဲ့သည်။

ပါလက်စတိုင်းများသည် မီးရှို့နိုင်သည့်စွန်များ၊ မိုးပျံဘောလုံးများဖြင့် အစ္စရေးတောင်ပိုင်းရှိ ယာခင်းများနှင့် သဘာဝ ဝန်းကျင်ကို ပျက်စီးစေသည့်နည်းလမ်းတစ်ရပ်ကို ယခုအသုံးပြုလာကြသည်။ နယ်စပ်ဖြတ်ကျော်၍ ဦးတည်ရာမဲ့ကျရောက်လာသည့် မီးစွဲစွန်များကြောင့် တစ်လအတွင်း မီးလောင်မှုအကြိမ် ၄၅၀ ဖြစ်ပွားခဲ့ပြီး ဧက ၇၀ဝ၀(ဟက်တာ ၂၈၀ဝ) မီးလောင်ပျက်စီးခဲ့ကာ ဒေါ်လာ ၂ သန်းဖိုးခန့် ပျက်စီးခဲ့ရကြောင်း သိရသည်။
    ထို့ပြင် ပါလက်စတိုင်းတို့က ဒုံးကျည်များနှင့် မော်တာများဖြင့် ၂၅ ချက်ခန့် ပစ်ခတ်ခဲ့ပြန်၍ အစ္စရေး ဂျက်တိုက်လေယာဉ်များက ဂါဇာရှိ ပါလက်စတိုင်းဟားမတ်စ်စစ်သွေးကြွပစ်မှတ် ၂၅ ခုကို တိုက်ခိုက်ခဲ့ကြောင်း ဇွန် ၂၀ ရက်၌ ထုတ်ပြန်ခဲ့သည်။ အစ္စရေးအထိအခိုက်မသိရဘဲ ဟားမတ်စ်စစ်သည်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသာ ထုတ်ပြန်ခဲ့သည်။
    ဂါဇာနယ်စပ်တစ်လျှောက် ပါလက်စတိုင်းနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက်ထိတွေ့မှုသည် ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မတ် ၃၀ ရက်၌ ဆန္ဒပြကန့်ကွက်မှုများ ဖြစ်ပွားခဲ့ချိန်မှစ၍ အစ္စရေးလက်ချက်ဖြင့် ပါလက်စတိုင်း ၁၂၀ ကျော် သေဆုံးခဲ့ကာ ထောင်ချီဒဏ်ရာရခဲ့ကြောင်း ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။
    အစ္စရေးတပ်ဖွဲ့များသည် အင်အားအလွန်အကျွံသုံးစွဲခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စုများက စွပ်စွဲခဲ့ပြီး အစ္စရေးတို့ကလည်း ခုခံကာကွယ်ပိုင်ခွင့်အရ ပစ်ခတ်ခဲ့ကြောင်း၊ စစ်သွေးကြွများသည် ဆန္ဒပြသူများကို အကာအကွယ်ယူ လှုပ်ရှားခဲ့ကြောင်း တုံ့ပြန်ပြောဆိုထားသည်။