ထိုင်းဘုရင်သစ်အတွက် နန်းတက်မင်္ဂလာကို ကျင်းပပြီးမှသာ ရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြောဆို

ထိုင်းဘုရင်သစ်အတွက် နန်းတက်မင်္ဂလာကို ကျင်းပပြီးမှသာ ရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြောဆို

ဘန်ကောက် ဇွန် ၂၀
ထိုင်းဘုရင်သစ်အတွက် နန်းတက်ပွဲအခမ်းအနားကို ကျင်းပပြီးမှသာ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်မည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယုချန်အိုချာက ဇွန် ၁၉ ရက်တွင် ထုတ်ပြန်ပြောဆိုလိုက်မှုကြောင့် လာမည့်နှစ် ဖေဖော်ဝါရီတွင် အထွေထွေရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ကြောင်း စစ်အစိုးရက ကတိပြုထားမှု အကောင်အထည်ဖော်နိုင်ခြေနည်းသွားပြီဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။

ထိုင်းစစ်ခေါင်းဆောင်များသည် ရွေးကောက်ခံအစိုးရကို ၂၀၁၄ ခုနှစ် မေတွင် ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပြီးနောက် ရွေးကောက်ပွဲကျင်းပပေးမည့် နေ့ရက်ကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပြီးဖြစ်သည်။ ၎င်း၏အစိုးရသည် ဘုရင် မဟာဝဇီရလောင်ကွန်းဘောဒင်ဒြာဒေဘယာဝရန်ကွန်း၏ နန်းတက်မင်္ဂလာအတွက် စီစဉ်နေသောကြောင့် ရွေးကောက်ပွဲကို ယင်းအခမ်းအနားပြီးမှသာ ကျင်းပပေးနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပရာယုက သတင်းထောက်များကိုပြောဆိုခဲ့သည်။
    နန်းတက်မင်္ဂလာအတွက် နေ့ရက်ကိုသတ်မှတ်ရခြင်းမရှိသေးသောကြောင့် ရွေးကောက်ပွဲကို သတ်မှတ်ထားသည့် အချိန်တွင် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း ပြောဆိုမှုများရှိနေသည်။ ၂၀၁၆ ခုနှစ်တွင် ဘုရင်ဘူမိဘော အဒူလျာဒေဇ ကံတော်ကုန်ပြီးနောက် ဝဇီရလောင်ကွန်း နန်းတက်ခဲ့သည်။
    အရေးကြီးသည့်အချက်မှာ အမျိုးသားငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးကောင်စီ( အင်န်စီပီအို) သည် တော်ဝင်နန်းတက်မင်္ဂလာပွဲအတွက် စီစဉ်နေခြင်းဖြစ်ကြောင်း ပရာယုကပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံသားတွေအနေနဲ့ ဒီဟာ အင်မတန်အရေးပါတဲ့ကိစ္စဆိုတာကို မမေ့စေချင်ဘူး ဟု ၎င်းကပြောဆိုခဲ့သည်။ အင်န်စီပီအိုသည် စစ်အစိုးရအဖွဲ့၏အမည်ဖြစ်သည်။
    ရွေးကောက်ပွဲကို နန်းတက်မင်္ဂလာပွဲမတိုင်မီတွင် ကျင်းပနိုင်ခြေရှိမရှိ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်းကို ပရာယုက နန်းတက်ပွဲပြီးမှသာ ကျင်းပနိုင်မည်ဖြစ်ကြောင်း ဖြေဆိုခဲ့ခြင်းဖြစ်သည်။ နန်းတက်မင်္ဂလာပွဲကို မည်သည့်အချိန်တွင် ကျင်းပမည်ကို ဝန်ကြီးချုပ်က ထုတ်ပြန်ခြင်းမရှိသေးသောကြောင့် ယခုထုတ်ပြန်ချက်သည် နိုင်ငံရေးကိစ္စမဟုတ်သေးကြောင်း ၂၀၁၄ ခုနှစ် ဖြုတ်ချခံအစိုးရလက်ထက်တွင် ပညာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ချာတူရွန်ချိုင်ဆေယန်းကပြောဆိုခဲ့သည်။ 
    နန်းတက်မင်္ဂလာပွဲကို ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာ ဘုရင်မင်းမြတ်နဲ့ အစိုးရရဲ့ ဆန္ဒအတိုင်းပဲရှိမှာပဲ၊ ဘယ်သူမှလည်းမသိနိုင်ဘူး၊ ရွေးကောက်ပွဲမတိုင်မီကျင်းပမယ်ဆိုရင်လည်း ရွေးကောက်ပွဲကို ကတိပြုထားတဲ့အချိန်မှာပဲ လုပ်ရမှာပဲ ဟု ၎င်းကပြောဆိုခဲ့သည်။