ပေကျင်း ဇွန် ၂၀
လွန်ခဲ့သည့်အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တွေ့ဆုံဆွေးနွေးရန် တရုတ်သမ္မတရှီကျင့်ဖျင်က ထောက်ခံမှုပေးခဲ့ခြင်းကို အထူးကျေးဇူးတင်သည်ဟု ကင်ဂျုံအွန်က ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ကင်ဂျုံအွန်သည် ယခုနှစ်အတွင်း တရုတ်သို့ တတိယမြောက်ခရီးစဉ်အဖြစ် ဇွန် ၁၉ ရက်က စတင်ရောက်ရှိခဲ့ရာ အိမ်နီးချင်းကွန်မြူနစ် နှစ်နိုင်ငံအကြား ဆက်ဆံရေးအဓိကတိုးတက်မှုအဖြစ် မီးမောင်းထိုးပြရာရောက်ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။ ထရမ့်နှင့်တွေ့ဆုံရန် ပေကျင်း၏ထောက်ခံမှုကို ပြုံယမ်းက အထူးတန်ဘိုးထား၍ အလွန်ကျေးဇူးတင်ကြောင်း ဇွန် ၂၀ ရက် သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံရာတွင် ကင်ဂျုံအွန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံအထူးဆက်ဆံရေး မကြုံစဖူးတိုးတက်လာကြောင်းလည်း ကေစီအင်အေက ထုတ်ပြန်ခဲ့သည်။ စင်ကာပူ၌ အမေရိကန်သမ္မတထရမ့်နှင့်တွေ့ဆုံခဲ့ရာတွင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးရှေးရှုဆောင်ရွက်ရန် ကင်ဂျုံအွန်က ကတိပြုခဲ့ပြီး အပြန်အလှန်အဖြစ် အမေရိကန်က လုံခြုံရေးအာမခံချက်ပေးခဲ့သည်။ ယင်းနောက် သြဂုတ်တွင် ကျင်းပမည့် အမေရိကန်တောင်ကိုရီးယား အဓိကပူးတွဲစစ်ရေးလေ့ကျင့်မှုဆိုင်းငံ့လိုက်ရာ ယင်းသည် မြောက်ကိုရီးယားသာမက တရုတ်နှင့်ရုရှားတိ်ု့အတွက်ပါ အဓိကအောင်ပွဲတစ်ရပ်ပမာ ဖြစ်ခဲ့သည်။
တရုတ်သည် မြောက်ကိုရီးယားကို နျူနှင့်တာဝေးဒုံးကျည်လက်နက်များစွန့်လွှတ်ရေး ဆွေးနွေးမှုတွင် တိုးတက်အောင် လုပ်ဆောင်ပါက ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု မြင့်တက်ရေးအလားအလာရှိကြောင်း ဆွယ်တရားဟောခဲ့ပြီး စီးပွားရေးပြုပြင်ပြောင်းလဲရန်လည်း ဖိအားပေးခဲ့သည်။
ကင်ဂျုံအွန်နှင့်တွေ့ဆုံရာတွင် သမ္မတရှီက မြောက်ကိုရီးယားနှင့်အမေရိကန် ထိပ်သီးစည်းဝေးပွဲမှ သဘောတူညီမှုများ အပြည့်အဝဆောင်ရွက်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ယင်းဖြစ်စဉ်တွင် တရုတ်သည် အပြုသဘောဆောင်အနေအထားမှ အစဉ်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

















