တောင်ကိုရီးယားရှိ ဟွန်ဒိုင်းမော်တော်ကားကုမ္ပဏီသည် ဂျာမနီ အော်ဒီကုမ္ပဏီနှင့် လျှပ်စစ်ကားသုံး လောင်စာဆဲလ်ထုတ်လုပ်ရေး ပူးပေါင်းရန် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။
သဘောတူညီချက်အရ ကီယာကုမ္ပဏီအပါအဝင် ဟွန်ဒိုင်းသည် အော်ဒီ၏မိခင်ကုမ္ပဏီ ဗောက်စ်ဝက်ဂွန်နှင့် အစိ်တ်အပိုင်းများ ၊အပိုပစ္စည်းကွန်ရက်နှင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စများ မျှဝေသုံးစွဲသွားမည်ဖြစ်သည်။ ယင်းမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကာလကို အကန့်အသတ်မထားပေ။
ဟွန်ဒိုင်းသည် ကမ္ဘာ့ပဉ္စမအကြီးဆုံး ကားထုတ်လုပ်သူဖြစ်ပြီး ဘက်ထရီလောင်စာဆဲလ်သုံး မော်တော်ကားများကို ၂၀၁၃ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့သည်။ သို့သော် တောင်ကိုရီးယားနှင့်တကွ ကမ္ဘာတဝန်းတွင် ဓာတ်အားပြန်လည် ဖြည့်တင်းရေးစခန်းများ နည်းပါးမှုကြောင့် လောင်စာဆဲလ်သုံးကားများ ကျယ်ပြန့်မှု နှေးကွေးခဲ့သည်။
တောင်ကိုရီးယားအစိုးရသည် လျှပ်စစ်ကား အရောင်းတိုးတက်ရေးနှင့် ကာဘွန်ထုတ်လုပ်မှု လျှော့ကျစေရေးတို့အတွက် လောင်စာဆဲလ်ပြန်လည်ဖြည့်တင်းရေးစခန်းများ တိုးပွားရန် စီစဉ်နေသည်။
















