နယ်စည်းမခြားဆရာဝန်များအဖွဲ့ ဝန်ထမ်းများ ပြည့်တန်ဆာခေါ်ယူပျော်ပါးမှုများရှိနေကြောင်းဖွင့်ချ

နယ်စည်းမခြားဆရာဝန်များအဖွဲ့ ဝန်ထမ်းများ ပြည့်တန်ဆာခေါ်ယူပျော်ပါးမှုများရှိနေကြောင်းဖွင့်ချ

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ၏ အာဖရိကဌာနခွဲဝန်ထမ်းများသည် ပြည့်တန်ဆာများခေါ်ယူပျော်ပါးမှုများရှိနေကြောင်းဖြင့် ဘီဘီစီတွင် ထုတ်လွှင့်နေသည့် ဗစ်တိုးရီးယားဒါဘီရှိုင်းယားမျက်မှောက်ရေးရာအစီအစဉ်သို့ MSF ဝန်ထမ်းအမျိုးသမီးအချို့က ဆက်သွယ် ဖွင့်ချလိုက်သည်။

MSF ၏ ဆေးဝါးပစ္စည်းများ၊ MSF က ထောက်ပံ့ပေးထားသည့် ဝန်ထမ်းအိမ်ရာများကိုခုတုံးလုပ်ကာMSFဝန်ထမ်းအကြီးပိုင်းများသည် ပြည့်တန်ဆာများခေါ်ယူပျော်ပါးခြင်းသည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်းဖြင့် MSFဝန်ထမ်းဟောင်းအမျိုးသမီးတစ်ဦးကဆိုသည်။ MSF က ထုတ်ပေးထားသည့် ဆေးဝါးများပေးမည်ဟူသောစကားတစ်ခွန်းနှင့်ပင်အတူအိပ်မည့် မိန်းကလေးများအလွယ်တကူရနိုင်ကြောင်းဖြင့် MSFဒေသဆိုင်ရာအကြီးအကဲတစ်ဦးကပြောကြောင်း အထက်ပါ အမျိုးသမီးကဖွင့်ချထားသည်။

MSFအဖွဲ့ကမူလိင်ပိုင်းဆိုင်ရာအမြတ်ထုတ်၊ အနိုင်ကျင့်ခြင်းများကိုအဖွဲ့ဝင်များလုံးဝမပြုလုပ်ရန် တင်းတင်းကျပ်ကျပ် တားမြစ်ထားသလို၊ ပြည့်တန်ဆာခေါ်ယူပျော်ပါးခြင်းကိုလည်းအပြင်းထန်ဆုံးတားမြစ်ထားကြောင်း ထုတ်ပြန်ပြောကြားသည်။ ဖွင့်ချသူအမျိုးသမီးအနေဖြင့် အညှိုးထားမည်ကိုစိုးရိမ်သောကြောင့် အမည်မဖော်သူအဖြစ်နဲ့သာ ဖွင့်ချထားကြောင်းလည်းသိရသည်။

ပြည့်တန်ဆာများခေါ်ယူပျော်ပါးသည်ဟုစွပ်စွဲခံရသူများမှာMSF ၏ ထောက်ပို့နှင့် အခြားသောကဏ္ဍများမှ ဝန်ထမ်းများသာ ဖြစ်ပြီးဆရာဝန်များ၊ သူနာပြုများမပါဝင်ကြောင်းလည်းသိရသည်။ MSFလန်ဒန်ရုံးတွင် လုပ်ကိုင်ခဲ့ဖူးသည့် အမည်မဖော်သူအမျိုးသမီးတစ်ဦးကလည်းကင်ညာတွင် ၎င်းတာဝန်ကျစဉ်ကMSFဝန်ထမ်းအကြီးအကဲပိုင်းထဲမှ တစ်ဦးသည် မိန်းမငယ်လေးများကို ရုံးဝန်ထမ်းလိုင်းခန်းထဲသို့ပင် ခေါ်လာသည်ကိုတွေ့ရကြောင်းဖွင့်ချထားသည်။ ထိုသူသည် MSF ၏ ကင်ညာဌာနခွဲတွင် လုပ်သက်ရင့် ရာထူးကြီးပိုင်းထဲက ဖြစ်သောကြောင့် မလျော်ကန်သောအပြုအမူကိုတားဆီးရန် မတတ်နိုင်ခဲ့ကြောင်းလည်းဖွင့်ချသည့် အမျိုးသမီးကဆိုသည်။

ဗဟိုအာဖရိကတွင် အိပ်ချ်အိုင်ဗွီထိန်းချုပ်ရေးအတွက် MSFတွင် လုပ်ကိုင်ခဲ့သည့် အခြားသောအမျိုးသမီးတစ်ဦးကလည်းMSFရာထူးကြီးပိုင်းထဲကအမျိုးသားတစ်ဦးသည် ဒေသခံ ပြည့်တန်ဆာတစ်ဦးကိုရည်းစားဟုဆိုကာMSFဝန်ထမ်းအိမ်ရာတွင် ခေါ်ထားကြောင်းဖွင့်ချမှုတွင် ဖော်ပြသည်။ တတိယမြောက် ဖွင့်ချသူအမျိုးသမီးကလည်း ၎င်း၏ လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ဦးသည် အာဖရိကတွင် တာဝန်ကျစဉ်ကMSFဆေးဝါးများကိုခုလုံးလုပ်ကာအမျိုးသမီးများကိုဆေးဝါးနှင့် မြှူဆွယ်ပြီးလိင်အမြတ်ထုတ်ခဲ့ကြောင်းဖြင့် ထုတ်ပြောခဲ့သည်။

ဗြိတိန်အခြေစိုက် အောက်စ်ဖမ် အင်န်ဂျီအိုအဖွဲ့ဝန်ထမ်းများ ပြည့်တန်ဆာခေါ်ယူပျော်ပါးမှုများယခုနှစ် ဖေဖော်ဝါရီတွင် ပေါက်ကြားခဲ့ပြီးနောက် MSFကလည်းလိင်မလျော်ကန်မှုများ ကျူးလွန်သည့် ဝန်ထမ်း ၁၉ ဦးကို ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းထုတ်ပစ်ခဲ့ကြောင်းထုတ်ပြန်ခဲ့ဖူးသည်။