ခိုလှုံသူမိသားစုများကိုတကွဲတပြားစီထိန်းသိမ်းထားသည့် မူဝါဒကို သမ္မတထရမ့် ရုပ်သိမ်း ထရမ့်၏မူဝါဒကို ဇနီး မယ်လာနီယာနှင့် သမီးအိုင်ဗန်ကာတို့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့

ခိုလှုံသူမိသားစုများကိုတကွဲတပြားစီထိန်းသိမ်းထားသည့် မူဝါဒကို သမ္မတထရမ့် ရုပ်သိမ်း ထရမ့်၏မူဝါဒကို ဇနီး မယ်လာနီယာနှင့် သမီးအိုင်ဗန်ကာတို့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့

မက္ကဆီကိုဘက်မှ တရားမဝင် ခိုလှုံလာသူများကိုဖမ်းဆီးထိန်းသိမ်းရာတွင် မိဘများနှင့် ကလေးများကိုတကွဲတပြားစီထိန်းသိမ်းထားမှုသည် နှလုံးသားမဲ့လွန်းရာရောက်ကြောင်းဖြင့် အများပြည်သူကဝေဖန်လာကြသဖြင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ထိုသို့ ခွဲခြားထိန်းသိမ်းထားသည့် မူဝါဒကို ရုပ်သိမ်းကြောင်းအမိန့်ကြေညာစာထုတ်ပြန်လိုက်ပြီဖြစ်သည်။

လက်ရှိအချိန်ထိခွဲခြားထိန်းသိမ်းထားပြီးသောတရားမဝင် ခိုလှုံသူမိဘများနှင့် ကလေးများကိုမူမည်သို့ ကိုင်တွယ်မည်ကိုမူထည့်သွင်းပြောကြားခြင်းမရှိ။ မေ ၅ ရက်မှ ဇွန် ၉ ရက်ထိထိန်းသိမ်းခံမိဘ ၂၂၀၆ ဦးထံမှ  ကလေး ၂၃၄၂ ဦးကိုခွဲထုတ်ကာစောင့်ရှောက်ထားရကြောင်းအမေရိကန် လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများကပြောသည်။

“မိသားစုတွေ တကွဲတပြား ဖြစ်တာမျိုး ကျုပ်လည်းမမြင်လိုပါဘူး။ ဒါကြောင့် ကလေးတွေနဲ့ မိဘတွေကိုတကွဲတပြားစီထိန်းသိမ်းထားတဲ့ မူဝါဒကို ရုပ်သိမ်းလိုက်ပါပြီ။ ဒါပေမဲ့ အမေရိကန်မြေကိုတရားမဝင် ဝင်ရောက်ခိုလှုံသူတွေကိုသည်းခံမှုသုညမူဝါဒနဲ့ အရေးယူမယ့် အစီအစဉ်ကိုတော့ ဆက်ကျင့်သုံးနေမှာဖြစ်တဲ့အကြောင်းလည်းပြောလိုပါတယ်”ဟုသမ္မတထရမ့်က ပြောသည်။

သမ္မတအမိန့်ညွှန်ကြားချက်အသစ်အရတရားမဝင် ခိုလှုံသူများကိုဖမ်းဆီးရုံးတင် စစ်ဆေးနေစဉ်အတွင်းမိဘများနှင့် ကလေးများကိုအတူထိန်းသိမ်းထားရှိရန်၊ အမှုများကို မြန်မြန်ထက်ထက် ပြီးပြတ်အောင် ဆောင်ရွက်ရန်၊ တရားမဝင် ခိုလှုံသူကလေးငယ်များကိုကာလမည်မျှအထိထိန်းသိမ်းထားသင့်ကြောင်းကိုတရားရုံးထံက ညွှန်ကြားချက် တောင်းခံသွားရန်များပါဝင်သည်။

သမ္မတထရမ့်၏ သည်းခံမှုသုညလူဝင်မှုကြီးကြပ်ရေးမူဝါဒကြောင့် တရားမဝင် ခိုလှုံသူမိဘများနှင့် ကလေးများတကွဲတပြားထိန်းသိမ်းခံနေရမှုကိုသမ္မတထရမ့်၏ ဇနီးမယ်လာနီယာနှင့် သမီးအိုင်ဗန်ကာတို့ကလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီးထိုမူဝါဒ ရုပ်သိမ်းရေးအတွက်လည်းသမ္မတထရမ့်ကိုဖိအားပေးခဲ့ကြကြောင်းသိရသည်။

တရားမဝင် ခိုလှုံသူမိသားစုများကိုအတူတကွ ထိန်းသိမ်းထားရေးအတွက် လိုအပ်သည့် ဥပဒေများကိုအောက်လွှတ်တော်တွင် မဲခွဲအတည်ပြုသွားရန်ရှိကြောင်းလည်းရီပတ်ဘလီကန် လွှတ်တော်ခေါင်းဆောင်းပေါလ် ရန်ကပြောသည်။