ခိုလှုံခွင့်တောင်းခံသူများကို လက်ခံမည့်စည်းမျဉ်းများကို တင်းကျပ်ပြီး ခိုလှုံခွင့်တောင်းခံသူများအား အကူအညီပေးသူများအပေါ် ထောင်ဒဏ်ချမှတ်မည့် ဥပဒေကြမ်းတစ်ခုကို ဟန်ဂေရီဥပဒေပြုအမတ်များက ဇွန် ၂၀ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက်ကြောင့် ဒုက္ခသည်များအနေဖြင့် ဟန်ဂေရီသို့မည်သည့်နည်းဖြင့် ရောက်ရှိခဲ့သည်ကို အခြေခံပြီး ခိုလှုံခွင့်တောင်းခံရန် ပိုမိုခက်ခဲသွားပြီဖြစ်သည်။ ခိုလှုံခွင့်တောင်းခံသူများသည် ၎င်းတို့ကို ဥပဒေကြောင်းအရအရေးယူနိုင်ခြေမရှိသည့် နိုင်ငံများကို ဖြတ်သန်းပြီး ဟန်ဂေရီသို့ရောက်ရှိလာပါက ၎င်းတို့၏ခိုလှုံခွင့်တောင်းခံမှုများကို ပယ်ချမည်ဖြစ်သည်။
ယင်းစံနှုန်းကြောင့် ဆားဘီးယားမှ ဟန်ဂေရီသို့ရောက်ရှိလာသည့် ဆီးရီးယားဒုက္ခသည်များ ခိုလှုံခွင့်ပယ်ချခံရမည်ဖြစ်သည်။ ပြင်ဆင်ဖြည့်စွက်ချက်နှင့်ပတ်သက်၍ မဲခွဲခဲ့ရာ ထောက်ခံမဲ ၁၅၉ မဲ၊ ကန့်ကွက်မဲ ၅ မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဗစ်တာအော်ဘန်၏ ဖီဒက်ဇ်ပါတီ၊ မဟာမိတ်ပါတီငယ်တစ်ခုနှင့် အမျိုးသားရေးဝါဒီ ယော့ဘစ်ပါတီတို့မှ အမတ်အားလုံးက ဥပဒေကြမ်းကို ထောက်ခံခဲ့သည်။
ထို့ပြင် အမျိုးသားလွှတ်တော်သည် ခိုလှုံခွင့်တောင်းခံသူများအား အကူအညီပေးသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအပေါ် ထောင်ဒဏ်တစ်နှစ်အထိ ချမှတ်မည့် ဥပဒေကြမ်းနှင့်ပတ်သက်၍ မဲခွဲခဲ့ရာ ထောက်ခံမဲ ၁၆၀၊ ကန့်ကွက်မဲ ၁၈ မဲတို့ဖြင့် အတည်ပြုနိုင်ခဲ့သည်။ ယင်းဥပဒေကြမ်းကို ဆိုရော့စ်ဆန့်ကျင်ရေးဥပဒေကြမ်းအဖြစ် ခေါ်ဆိုထားသည်။ ပရဟတိသမား ဂျော့ဂျ်ဆိုရော့စ်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများသည် ဥရောပသို့ လူအများအပြားရွှေ့ပြောင်းနေထိုင်ရန် တိုက်တွန်းမှုများပြုလုပ်နေကြောင်း အော်ဘန်က စွပ်စွဲထားသည်။
တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုများကို အားပေးခြင်းကဲ့သို့ အပြုအမူများကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ကြောင်း ဥပဒေတွင်ဖော်ပြထားသည်။ ဆိုရော့စ်ဆန့်ကျင်ရေးဥပဒေကြမ်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ချက်များသည် ဟန်ဂေရီနိုင်ငံသားများ၏ဆန္ဒကို ကိုယ်စားပြုနေပြီး နိုင်ငံအား တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုမှကာကွယ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
အော်ဘန်သည် ရွှေ့ပြောင်းနေထိုင်မှုကို လုံံးဝဆန့်ကျင်သူဖြစ်ပြီး မွတ်စလင်များသည် ခရစ်ယာန်ဥရောပအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ အော်ဘန်သည် ဧပြီတွင် တတိယသက်တမ်းအတွက်ရွေးကောက်ခံခဲ့ရပြီးဖြစ်သည်။
ခိုလှုံခွင့်တောင်းခံသူများနှင့် ဒုက္ခသည်များအား အကူအညီပေးနေသည့် အရပ်ဘက်လူ့အဖွဲ့အစည်းများအပေါ် အထူးခွန်အဖြစ် ၂၅ ရာခိုင်နှုန်းကောက်ခံရန်စီစဉ်နေကြောင်း ဟန်ဂေရီဘဏ္ဍာရေးဝန်ကြီးဌာနက ပြောဆိုခဲ့သည်။ ဟန်ဂေရီလွှတ်တော်နှင့် အစိုးရတို့၏ယခုလုပ်ရပ်သည် လူ့အခွင့်အရေးတိုးတက်အောင် လုပ်ဆောင်မှုအား ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ပြောင်ပြောင်တင်းတင်းတိုက်ခိုက်လိုက်ခြင်းသာဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ဥရောပဆိုင်ရာဒါရိုက်တာ ဂေါက်ရီဗန်ဂူလစ်ကပြောဆိုခဲ့သည်။

















